အများပြည်သူပိုင် အဆောက်အအုံ၊ မြေကွက်နှင့် စက်ရုံ စုစုပေါင်း ၁၁၆၃
ခုအား ယခင်အစိုးရ လက်ထက်နှင့် ယခုအစိုးရ လက်ထက်တို့တွင် ရယူထားပြီး ထိုသို့
ရယူရာတွင် နိုင်ငံတော် သို့ ပေးသွင်း ရမည့် ၀င်ငွေခွန်၊ တံဆိပ်ခေါင်းခွန်
အခွန်ငွေ ကျပ်ဘီလျံ ၄၀၀ နီးပါး မပေးသွင်းသည့် လုပ်ငန်းရှင်များ ယနေ့အထိ
ရှိနေကြောင်း စုံစမ်းသိရှိ ရသည်။
နိုင်ငံပိုင် လုပ်ငန်း၊ မြေကွက်များအား ၀ယ်ယူခဲ့သူများ အနေဖြင့်
ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် တို့ကို ပေးသွင်းရမည်ဖြစ်ပြီး ရယူသွားသည့်
လုပ်ငန်းရှင်များအပေါ် အစိုးရက တိကျစွာ အခွန်စည်းကြပ် ပါက စုစုပေါင်း
ကျပ်ဘီလျံ ၄၀၀ ကျော်အထိ ကောက်ခံရရှိရမည် ဖြစ်သည်။
သို့သော် လွန်ခဲ့သည့် သုံးလေးနှစ် ကတည်းက နိုင်ငံပိုင် လုပ်ငန်းနှင့်
မြေကွက်များ ရယူသွားသည့် လုပ်ငန်းရှင်များသည် ၂၀၁၃ ခုနှစ် စက်တင်ဘာ
လကုန်ပိုင်း ရောက်သည်အထိ ၀င်ငွေခွန် ကျပ် ၂၁ ဘီလျံကျော်နှင့်
တံဆိပ်ခေါင်းခွန် ကျပ်တစ်ဘီလျံကျော် စုစုပေါင်း အခွန်ငွေ ကျပ် ၂၂
ဘီလျံနီးပါးသာ ပေးသွင်းခဲ့ကြသည့်အတွက် ယခုအထိ ကျပ်ဘီလျံ ၄၀၀ နီးပါး
မရရှိသေးသည့် အတွက် ပြည်သူ့ ဘဏ္ဍာ များစွာ နစ်နာလျက် ရှိသည်။
အများပြည်သူပိုင် မြေကွက်နှင့် နိုင်ငံပိုင် လုပ်ငန်းများကို
ရယူစဉ်ကလည်း လုပ်ငန်းရှင်များ အနေဖြင့် တစ်စတုရန်းပေလျှင်
ကျပ်တစ်သိန်းခွဲအထက် တန်ကြေးရှိသည့် စက်ရုံနှင့် မြေကွက်များကိုပင်
တစ်စတုရန်းပေလျှင် ကျပ် ၂၀၀၀၀ နှုန်းလောက်ဖြင့် ဈေးပေါပေါဖြင့် တစ်ဦးလျှင်
သုံးလေးငါးကွက်အထိ လက်ဦးမှုယူကာ သိမ်းယူခဲ့ခြင်းများ ရှိကြောင်း၊
ယခင်ကဆိုလျှင် စက်ရုံတစ်ရုံကို ကျပ်သိန်း ၉၀ တည်းဖြင့် ရယူသွားသူများပင်
ရှိကြောင်း သိရသည်။
နိုင်ငံတော် အစိုးရ အနေဖြင့် အများပြည်သူပိုင် ပစ္စည်း၊ မြေကွက်များကို ဈေးပေါပေါဖြင့် ရသွားသည့် လုပ်ငန်းရှင်များ အပေါ်၌ တင်းကျပ်စွာ မကိုင်တွယ်သည့်အပြင် လုပ်ငန်းရှင် အချို့ကို ၀င်ငွေခွန်၊ တံဆိပ်ခေါင်းခွန်များပါ ပေးဆောင်ရန် မလိုဟုဆိုကာ ကင်းလွတ်ခွင့် ပေးခဲ့ခြင်းမျိုးရှိကြောင်း အစီရင် ခံစာများက ဖော်ပြ . . . . . |
အုတ်ကျင်း ဘူတာရုံလမ်းရှိ ၃၂ ဧကကျော် ကျယ်ဝန်းသည့် စက်ရုံနှင့်
မြေကွက်ဆိုလျှင် တစ်ပေပတ်လည် ကျပ် ၂၂၀၀၀ ဖြင့် ရရှိသွားပြီး
နိုင်ငံတော်သို့ ပေးသွင်းရမည့် အရင်းကိုပင် ၂၀၁၃ ခုနှစ်ထဲရောက်မှ
အကျေပေးသွင်း နိုင်ခဲ့သည်။
စတင်ရောင်းချစဉ်က ရသင့်သည့် တန်ဖိုးအမှန်အတိုင်း မရ၍ ပြည်သူ့ဘဏ္ဍာ
ကျပ်ဘီလျံပေါင်းများစွာ ထိခိုက်နစ်နာ ခဲ့ရသည့်အပြင် ယခုအခါ အဆိုပါ
နည်းပါးလွန်းသည့် တန်ဖိုးပေါ်တွင် တွက်ချက်ကောက်ခံသည့် အခွန်ငွေကိုလည်း
မပေးသွင်းသည့်အတွက် အများပြည်သူ အကျိုးအတွက် ပြန်သုံးမည့်
ပြည်သူ့ဘဏ္ဍာမှာလည်း ထပ်မံ၍ နစ်နာလျက် ရှိသည်။
မြေကွက်၊ စက်ရုံ ရရှိသူများသည် မိမိတို့ အမည်ပေါက်အဖြစ်
ပြောင်းလဲပြီးစီးကာ လုပ်ငန်းလုပ်ကိုင် နေသည်မှာ နှစ်နှစ်နှင့်အထက် ရှိနေပြီ
ဖြစ်သည်။ ယင်းအပြင် အချို့မှာ ဈေးပေါပေါဖြင့် ရယူသွားပြီး အဆမတန်
မြင့်မားသည့် ဈေးဖြင့်ပင် ပြန်လည်၍ လက်လွှဲရောင်းချပြီးလည်းဖြစ်ရာ
လုပ်ငန်းရှင်များသာ အကျိုးဖြစ်ထွန်းသွားပြီး ပြည်သူ့ဘဏ္ဍာမှာမူ တိုက်စားခံခဲ့
ရသည်။
ထိုသို့ နှစ်ကြာရှည် မပေးသွင်းသည့် လုပ်ငန်းရှင်များအပေါ် ယနေ့အထိ
အခွန်ဥပဒေအရ လည်းကောင်း၊ တည်ဆဲဥပဒေအရ လည်းကောင်း အရေးယူသည်ဟု မကြားသိရဘဲ
တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းခြင်းလည်း မရှိသေးဟု သိရသည်။
ကျပ်ဘီလျံ ၄၀၀ နီးပါးရှိသည့် ပမာဏအား တင်းကျပ်စွာ မကောက်ခံသော်လည်း
နယ်မြို့လေးများတွင်မူ ကော်ဖီမစ်၊ ဆပ်ပြာမှုန့်ကဲ့သို့ ကုန်စည်
အနည်းအကျဉ်းအား လက်လီပြန်ရောင်းသော ဆိုင်ငယ်ကလေး များကိုမူ အကြိမ်ကြိမ်
ဆင့်ခေါ်၍ ကုန်သွယ်ခွန် အနည်းငယ်ကို တင်းကျပ်စွာ တိတိကျကျ ကောက်ယူလျက်
ရှိသည်ဟု သိရသည်။
လက်ဝယ်တွင် ငွေမရှိဘဲ အများပြည်သူပိုင် ပစ္စည်းများကို
ဘဏ်ချေးငွေများဖြင့် တောက်လျှောက်သိမ်းယူသွားမှု များပြားကြောင်း၊
ဘဏ်ချေးငွေဖြစ်၍ အခွန်ကောက် မရသည့်အတွက် စုစုပေါင်း ရောင်းရငွေပေါ်တွင်
တွက်ချက်ထားသည့် ကျပ်ဘီလျံ ၄၀၀ ကျော်လုံးကိုလည်း မရတော့ဘဲ ပြန်လျှော့ပေးရ
ဦးမည်ဖြစ်ကြောင်း သိရသည်။
အခွန်ဘဏ္ဍာ ဆုံးရှုံးသည့်အတွက် အများပြည်သူအပေါ် ပြန်လည်အနစ်နာခံ
စိုက်ထုတ် လုပ်ဆောင် ပေးရမည့် ကဏ္ဍများတွင်မူ လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ
အများပြည်သူကိုသာ ထပ်မံဖိစီးစေမည့် မူဝါဒများ ချမှတ်လုပ်ဆောင် နေရကြောင်း
သိရသည်။
ဥပမာအားဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ယခုအခါ တစ်နှစ်လျှင် ကျပ်
၁၈၅ ဘီလျံ အရှုံးခံ၍ မီးပေးနေရသည့် အတွက်ဟုဆိုကာ အများပြည်သူသုံးအား
တစ်ယူနစ် ၃၅ ကျပ်မှ ကျပ် ၅၀ သို့ လည်းကောင်း၊ စီးပွားရေး လုပ်ငန်းသုံးအား
၇၅ ကျပ်မှ ကျပ် ၁၅၀ သို့ နှစ်ဆအထိတိုး၍ လည်းကောင်း ကောက်ခံတော့မည် ဖြစ်သည်။
၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်၌ စတင်ကောက်ခံမည့် အကြောင်းကိုလည်း နိုင်ငံတော်
သမ္မတကိုယ်တိုင် ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ထားပြီးလည်း
ဖြစ်သည်။
အစိုးရ အနေဖြင့် အများပြည်သူပိုင် ပစ္စည်း၊ မြေကွက်နှင့် လုပ်ငန်းများအား
ရောင်းချမှု တစ်ခုတည်းမှ ရသင့်သည့် အခွန်ကို ရအောင်တောင်းနိုင်လျှင်
မြန်မာတစ်နိုင်ငံလုံးအား လက်ရှိမီတာခ နှုန်းထားဖြင့်ပင် နောက်ထပ်နှစ်နှစ်အထိ
လျှပ်စစ်မီး ပေးထားနိုင်မည် ဖြစ်သည်။
ပုဂ္ဂလိကပိုင် ပြုလုပ်စဉ်က အခွန်ပမာဏ တစ်မျိုးတည်း ရရှိရုံဖြင့် နောက်ထပ်
နှစ်နှစ်အထိ လက်ရှိမီတာခနှုန်းဖြင့် ပေးနိုင်ခြင်းကိုသာ
ထောက်ပြခြင်းဖြစ်ပြီး အခြား သဘာဝဓာတ်ငွေ့၊ သစ်၊ သတ္တု၊ ကျောက်မျက်ကဲ့သို့
သယံဇာတ ရောင်းချရမှုမှ ရငွေများကို ထည့်သွင်းစဉ်းစားလျှင် အများပြည်သူ
အနေဖြင့် မည်မျှအထိ ရနိုင်မည်ကို တွက်ချက်နိုင်မည် ဖြစ်သည်။
နိုင်ငံတော် အစိုးရ အနေဖြင့် အများပြည်သူပိုင် ပစ္စည်း၊ မြေကွက်များကို
ဈေးပေါပေါဖြင့် ရသွားသည့် လုပ်ငန်းရှင်များ အပေါ်၌ တင်းကျပ်စွာ
မကိုင်တွယ်သည့်အပြင် လုပ်ငန်းရှင် အချို့ကို ၀င်ငွေခွန်၊
တံဆိပ်ခေါင်းခွန်များပါ ပေးဆောင်ရန် မလိုဟုဆိုကာ ကင်းလွတ်ခွင့်
ပေးခဲ့ခြင်းမျိုးရှိကြောင်း အစီရင် ခံစာများက ဖော်ပြထားသည်။
ယင်းအပြင် လွန်ခဲ့သည့် နှစ်နှစ်သုံးနှစ် ကတည်းက လေလံအောင်ထားသော
မြေကွက်၊ အဆောက်အအုံများအတွက် (အခွန်မဟုတ် အရင်းငွေသီးသန့်) ကျပ်သန်းပေါင်း
၂၂၅၀၀ နီးပါးကိုလည်း ယနေ့အထိ မပေးသွင်းသည့် လုပ်ငန်းရှင် ရှစ်ဦးအထိ
ရှိနေရာ နိုင်ငံတော်မှ ရသင့်သည့် အခွန် ဘဏ္ဍာငွေများကို ရအောင်မတောင်းဘဲ
အများပြည်သူ အပေါ်၌သာ တိုးမြှင့်ခြင်း မျိုးသည် ဝေဖန် ခံရမည်သာ ဖြစ်သည်။
Eleven
No comments:
Post a Comment