Wednesday, November 20, 2013

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေး ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းဝေးကို နိုဝင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ ရန်ကုန်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)မှ တာဝန်ရှိသူအချို့က ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရှင်းလင်းပြောကြားမှုများ လုပ်ဆောင်ခြင်း၊ KNU မှလည်း ၎င်းတို့အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး ကော်မတီဝင်များက ပြန်လှန် မေးမြန်းဆွေးနွေးခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးမန်းအောင်ပြည်စိုး၏ ပြောကြားချက်အရ သိရသည်။
"ကရင်ညီလာခံ ဖြစ်မြောက်ရေးအတွက်တော့ ဆွေးနွေးဖြစ်ကြမယ် မထင်ဘူး။ ဒါပေမဲ့ အရိပ်အမြွက်လောက်တော့ ပြောချင်ပြောကြမလား မသိဘူး။ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေး ကိစ္စတွေကို အဓိကပြောကြမှာပါ"ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ကရင်ညီလာခံ ဖြစ်မြောက်ရေးအတွက်တော့ ဆွေးနွေးဖြစ်ကြမယ် မထင်ဘူး။ ဒါပေမဲ့ အရိပ်အမြွက်လောက်တော့ ပြောချင်ပြောကြမလား မသိဘူး။ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေး ကိစ္စတွေကို အဓိကပြောကြမှာပါ . . .
ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ကရင်ပြည်နယ် ဘားအံ မြို့၌ ပြုလုပ်သော ကရင်ရေးရာ အစည်းအဝေးတွင် ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ကရင် လက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေး ယူထားသည့် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အပါအ၀င် စုစုပေါင်း ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဖွဲ့ဝင် ၅၂ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းကော်မတီအနေဖြင့် ကရင်ပြည်နယ်အတွင်း လူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်၍ ငြိမ်းချမ်းရေး စည်းလုံးညီညွတ်ရေး ကိစ္စရပ်များ ဟောပြောဆွေးနွေးခြင်းများကို လုပ်ဆောင်လျှက်ရှိပြီး ယခုပြုလုပ်သော အစည်းအဝေးမှာ ဒုတိယအကြိမ်ဖြစ်ပြီး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို မေ ၁၈ ရက်မှ ၁၉ အထိ ရန်ကုန်မြို့၌ပင် ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စများ၊ တစ်ခုတည်းသော ကရင်အဖွဲ့အစည်း ဖြစ်ပေါ်လာရေးဆိုင် ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကရင်နိုင်ငံရေး ပါတီများမှလည်း ကရင်လူမျိုး တိုးတက်ရေးအတွက် ဘားအံမြို့၌ စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက်ထိ နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ကရင်နိုင်ငံရေးပါတီများ ပူးပေါင်းရေး၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များကို ၂၀၁၅ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံ၌ ကရင်အမျိုးသား အများစု နေထိုင်သည့် နေရာဒသများတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူများ မှတ်ပုံတင် ရရှိရေး၊ မဲပေးခွင့်ရရှိရေး၊ ကရင်အမျိုးသား ညီလာခံတစ်ရပ် ကျင်းပနိုင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ကရင်ပါတီများ ညှိနှိုင်းပြီးမှသာ မဲဆန္ဒနယ်များအား ၀င်ရောက်ယှဉ်ပြိုင်ရေးတို့ကို သဘောတူမှု ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment