Sunday, November 17, 2013

ကျောက်အရိုင်းတုံးအတွက် တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမှုသည် ရောင်းချချိန်တွင် ရရှိသည့် ငွေကြေးထက် များစွာ နည်းပါးနေပြီး နိုင်ငံတော်မှ ရရှိမည့်အခွန်များ ဆုံးရှုံးနေ

A.16.11
ဖားကန့်ဒေသအတွင်းရှိ ကျောက်မျက်တူးဖော်သည့် နေရာများကို ပြီးခဲ့သည့် အောက်တိုဘာလ က တွေ့ ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)  
ကျောက်အရိုင်းတုံးများအတွက် တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမှုသည် အမှန်တကယ် ရောင်းချ ချိန်တွင် ရရှိသည့် ငွေကြေးထက် များစွာနည်းပါးနေပြီး နိုင်ငံတော်မှ ရရှိမည့် ရတနာခွန်များ ဆုံးရှုံးနေ သည့် အတွက် အမှန်တကယ် ရောင်းချချိန်တွင် တန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ပေးဆောင် ရမည်ဟု ပြင် ဆင် ဖြည့်စွက်လိုကြောင်း အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီက အကြံပြုခဲ့ သည်။
"ကျောက်မျက် အရိုင်းတုံးတွေ ထုတ်လုပ်ရရှိချိန်မှာ တွင်းဝခွန်အဖြစ် ၂၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။အဲဒီလို ပေးဆောင်စေရာမှာ ကျောက်မျက် ကျွမ်းကျင်သူတွေက သတ်မှတ်တာ မဟုတ်ဘဲ ၀န်ထမ်းတွေက သင့်သလို မှန်းဆတန်ဖိုး ဖြတ်တာတွေကြောင့် ရတနာခွန် ထမ်းဆောင်ရန် သတ်မှတ်တဲ့ တန်ဖိုးဟာ အမှန်တကယ်ရောင်းချရတဲ့ တန်ဖိုးနဲ့ ပမာဏများစွာ ကွာခြားနေတဲ့ အတွက် နိုင်ငံတော်ကရမယ့် ရတနာခွန်တွေ ဆုံးရှုံးပါတယ်။ ဒါကြောင့် တွင်းဝခွန် ၂၀ ရာခိုင်နှုန်း သတ်မှတ်ချက်အစား အမှန်တကယ် ရောင်းချရသည့် တန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်း ထမ်းဆောင်နိုင်ဖို့ ပြင် ဆင်လိုခြင်း ဖြစ်ပါတယ်"ဟု သတ္တုနှင့် သယံဇာတရေးရာ ကော်မတီဥက္ကဋ္ဌ ဦးနေ၀င်းထွန်း က ပြောကြား သည်။
ထို့အပြင် ရတနာခွန် ထမ်းဆောင်ပြီးသော ကျောက်မျက်ရတနာ အရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်း၊ ပုံဖော်ခြင်း ပြုလုပ်ပြီး အချောထည် ပြုလုပ်သူသည် ယင်းကျောက်မျက် အချောထည် ရောင်းချသူမှ သုံးရာခိုင်နှုန်း အခွန်ထမ်းဆောင်ရန်၊ ရတနာခွန် ထမ်းဆောင်ပြီးသော ကျောက်မျက် အရိုင်း ဖြစ်စေ၊ အချောထည်ကို ဖြစ်စေ လက်ဝတ်ရတနာ ပြုလုပ်ရောင်းချသူက နှစ်ရာခိုင်နှုန်း အခွန်ဆောင် ရန် ပြင်ဆင် ဖြည့်စွက်ထားသည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ရတနာနယ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်ပါက ယင်းနယ်မြေကို ပိုင်ဆိုင်သူ၏ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့် များနှင့် ပတ်သက်၍ ဆုံးရှုံးနစ်နာမှုများအတွက် စုံစမ်းစစ်ဆေးပြီး သင့်လျော်သည့် အခွင့်အရေးများ၊ အကျိုးခံစားခွင့်များကို တိုင်းတာသတ်မှတ်ပေးရန် စသည့်အချက်များကို ဖြည့်စွက်ရန် ကော်မတီက တင်ပြခဲ့သည်။
ယင်းနယ်မြေများကို ရတနာနယ်မြေအဖြစ် သတ်မှတ်ရာတွင် ပိုင်ဆိုင်သူ၏ သဘောတူညီချက်ဖြင့် ထိုက်သင့်သည့် ကာလတန်ဖိုးပေး၍ ၀ယ်ယူခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းရယူခြင်း ပြု လုပ်နိုင်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် သဘောတူညီမှု မရရှိပါက တည်ဆဲမြေသိမ်း အက်ဥပဒေနှင့်အညီ ထိုက်သင့်သည့် ကာလတန်ဖိုးပေးပြီး မြေသိမ်းယူရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရမည့်ဟူသည့် အချက်များ ထည့်သွင်း ဖြည့်စွက်ထားကြောင်း ဦးနေ၀င်းထွန်းက ပြောကြားသည်။
ရတနာနယ်မြေပေါ်တွင် ကျူးကျော် နေထိုင်သူများရှိပါက ယင်းတို့၏ အဆောက်အအုံများ၊ ပစ္စည်းများနှင့် စက်ကိရိယာများကို ဖယ်ရှားရာတွင် ပျက်စီးမှုများရှိပါက မည်သည့် နစ်နာဆုံးရှုံးမှုကို ပေးလျော်ခြင်း မရှိစေရန် ထည့်သွင်းပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာ လုပ်ကွက်များကိုလည်း သက်တမ်း ထပ်မံတိုးရန်အတွက် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူပြီး ခွင့်ပြုမိန့် ထုတ်ပေးသင့်ကြောင်း စသည်ဖြင့် ဖြည့်စွက်ထားကြောင်း သိရသည်။
ခေတ်ကာလနှင့် မလျော်ညီတော့သည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော် နာယကက ပြင် ဆင်ဖြည့်စွက် ရေးဆွဲရန် ပြောကြားခဲ့ပြီး ယင်းသို့ ပြောကြားမှုများတွင် သတ္တုတွင်းဝန်ကြီးဌာနမှ ယခင်ရေးဆွဲ ပြဋ္ဌာန်းထားသည့် ဥပဒေများလည်း ပါဝင်ကြောင်း သိရသည်။ အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီက တင်သွင်းသည့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း၊ မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူထားကြောင်းလည်း သိရသည်။

Eleven

No comments:

Post a Comment