Thursday, November 7, 2013

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတလျှောက် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ဦးထိရှိ

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ထိရှိသည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်ဦးစိုးဝင်းက မဇ္ဈိမ ကို ပြောကြားလိုက်သည်။

ဇန်န၀ါရီလမှ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ယာဉ်မတော်တဆမှု ၂၁၉ ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ် မတော်တဆမှုများကြောင့် သေဆုံးသူ ၁၀၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၄၆ ဦးရှိခဲ့သည်ဟု ရဲတပ်ဖွဲ့မှူးရုံး ၏ စာရင်းဇယားများတွင် ဖော်ပြသည်။

“ဖြစ်ပွားရတဲ့ ယာဉ်တိုက်မှုအများစုက ယာဉ်မောင်းတွေက အရှိန်ပြင်းပြင်းမောင်းတာတွေ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် ဖြစ်တာများပါတယ်။ ယာဉ်ရဲ့ စက်ချို့ယွင်းမှုတို့ကြောင့်ဖြစ်တာတော့ ရှားပါ တယ်”ဟု ဦးစိုးဝင်းက သုံးသပ်သည်။

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်းများသည့် နေရာများတွင် ရွေ့လျားကင်မရာနှစ် လုံးဖြင့် စောင့်ကြည့်လေလာမှုများ ပြုလုပ်ရာမှ တစ်နှစ်အတွင်း လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ် နှစ်ထောင်ခန့်ကို အရေးယူမှုပြုလုပ်နိုင်ခဲ့သည်။

ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ကီလို ၁၀၀အထက် ကျော်လွန်မောင်းနှင်သည့်ယာဉ်များအား ရန်ကုန် နေပြည်တော်၊ မန္တလေးရှိ တရားရုံးများတွင် တရားစွဲဆိုကာ သက်ဆိုင်ရာငွေဒဏ်များချမှတ်ခဲ့ပြီး ပြစ်ဒဏ် အများစုမှာ ဒဏ်ငွေ ၁၅၀၀ ကျပ်ဖြစ်သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအား ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ အမြန်လမ်းပေါ်တွင် ရဲစခန်း ၁၄ ခု ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံးရှိသည်။

အမြန်လမ်းမကြီးပေါ်တွင် ရွေ့လျားကင်မရာ နှစ်လုံးကို ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်တွင် စမ်းသပ်ကာလ သုံးလ သတ်မှတ်၍ စတင်အသုံးပြုခဲ့ပြီး အဆိုပါကင်မရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တပ်ဆင် ပေးထားခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီး အကဲဖြစ်သူ တာနာကာကလည်း ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးသည် ခေတ်မီ အမြန်လမ်းမ တစ်ခုဟု ထင်ရသော်လည်း ခေတ်မီ အမြန်လမ်းမကဲ့သို့ အသုံးချ၍မရကြောင်းနှင့် ဒီဇိုင်းတည်ဆောက်ပုံ လမ်းအချိုးအကွေ့များမှာ တည်ဆောက်ပုံ မှန်ကန်မှုမရှိဟု ဇူလိုင်လက သုံးသပ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment