Tuesday, November 26, 2013

ကရင်ပြည်နယ်တွင် ရော်ဘာခြံပိုင်ရှင်နှင့် သားသမီးသုံးဦး မီးလောင်သေဆုံးမှု ဖြစ်စဉ်အား စစ်ဆေးရာ ဓားဒဏ်ရာများ တွေ့ရှိခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲစစ်ဆေး

ကရင်ပြည်နယ် သံတောင်မြို့နယ်၊ လိပ်သို မြို့နယ်ခွဲ ကျေးရွာတစ်ရွာရှိ ရော်ဘာခြံ တစ်ခြံအတွင်း ရော်ဘာခြံ ပိုင်ရှင်နှင့် သားသမီး သုံးဦးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေမှုကို စစ်ဆေးရာ ဓားဒဏ်ရာ များ တွေ့ရှိ ခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲ စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ၀င်းစိန်က နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက The Daily Eleven သို့ ပြောကြားသည်။

ယင်းဖြစ်စဉ်ကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန်အတွက် အနီးဝန်းကျင်တွင် နေထိုင်နေသည့် မျက်မြင်သက်သေ အချို့ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင် က နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ပိုင်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီခန့်က ကရင်ပြည်နယ်၊ သံတောင်မြို့နယ် လိပ်သိုမြို့နယ်ခွဲ မြသာကုန်း ကျေးရွာနှင့် သုံးမိုင်ခန့် အကွာရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဦးစိုးသိန်းလေးနှင့် ၎င်း၏သားသမီးများ ဖြစ်သည့် ငါးနှစ်အရွယ် မောင်စိုးမိုးအောင်၊ နှစ်နှစ်အရွယ် မမေယာဝင်းနှင့် လေးနှစ်အရွယ် မောင်ဝင်းနိုင်နိုင်ဦးတို့ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဲဒီနေ့ မနက်ပိုင်းမှာ မိန်းမဖြစ်တဲ့သူက အိမ်မှာ မီးမွှေးထမင်းချက်ပြီးတော့ အိမ်မှာ ရောက်နေတဲ့ တခြားရွာနေ သမီးတစ်ယောက်ကို လိုက်ပို့တယ်။ လိုက်ပို့နေရင်း သိပ်မကြာခင်မှာဘဲ မီးလောင်မှု ဖြစ် ပြီးတော့ အိမ်ထောင်ဦးစီးနဲ့ ကျန်ခဲ့တဲ့ ကလေးသုံးယောက် အခုလို သေဆုံးခဲ့တယ်...

''အဲဒီနေ့ မနက်ပိုင်းမှာ မိန်းမဖြစ်တဲ့သူက အိမ်မှာ မီးမွှေးထမင်းချက်ပြီးတော့ အိမ်မှာ ရောက်နေတဲ့ တခြားရွာနေ သမီးတစ်ယောက်ကို လိုက်ပို့တယ်။ လိုက်ပို့နေရင်း သိပ်မကြာခင်မှာဘဲ မီးလောင်မှု ဖြစ်ပြီးတော့ အိမ်ထောင်ဦးစီးနဲ့ ကျန်ခဲ့တဲ့ ကလေးသုံးယောက် အခုလို သေဆုံးခဲ့တယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်ကို လိပ်သိုမြို့နယ် ရဲစခန်းက သေမှုသေခင်း ၁/၂၀၁၃ (ပ) ၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅/၃၀၄ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာ သေဆုံးသူ လေးဦးတွင် ဓားထိုးဒဏ်ရာများ ထပ်မံတွေ့ရှိရသဖြင့် အဆိုပါဖြစ်စဉ်ကို လူသတ်မှုသို့ ပြောင်းလဲ စစ်ဆေးနေကြောင်း သိရသည်။

''သေဆုံးသွားတဲ့ အိမ်ထောင်ဦးစီးက ရော်ဘာစိုက်ခင်း သုံးဧကကျော် ပိုင်ဆိုင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အနီးအနား ပတ်ဝန်းကျင်က မျက်မြင်တွေ့ရှိ သူတွေကိုလည်း ခေါ်ယူစစ်ဆေး နေပါတယ်'' ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး စိန်လွင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ ဒုတိယရဲမှူးကြီး ၀င်းစိန်က ''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တဲ့ အခါ မှာ မီးလောင်ပြီး သေဆုံးခဲ့တဲ့ သူတွေမှာ ဓားဒဏ်ရာတွေ တွေ့ရှိရတယ်။ အဲဒါကြောင့် ဒီဖြစ်စဉ်က မီးလောင်လို့သေတာ မဟုတ်ဘူး။ ဓားနဲ့ထိုးပြီး အသတ်ခံရတာ ဖြစ်တယ်။ ဒါကြောင့် လူသတ်မှုအဖြစ် ပြောင်းလဲပြီးတော့ စုံစမ်းစစ်ဆေး နေပါတယ်'' ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment