Tuesday, November 26, 2013

နိုင်ငံသားတိုင်း သမ္မတဖြစ်နိုင်ခွင့် ရှိမှသာ ဒီမိုကရေစီ စစ်မှန်သည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် UNFC ပြောကြား


နိုင်ငံသားတိုင်း သမ္မတဖြစ်နိုင်ခွင့် ရှိမှသာ စစ်မှန်သည့် ဒီမိုကရေစီဟု ယုံကြည်ကြောင်း အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် လိုအပ်ကြောင်း လည်း နိုင်ဟံသာက ဆက်လက် ပြောကြားသည်။

''ကျွန်တော်တို့ နိုင်ငံသားတိုင်းက သမ္မတ ဖြစ်ပိုင်ခွင့် ရှိဖို့လိုတယ်။ ဒါမှလည်း ဒီမိုကရေစီ စစ်မှန်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ နိုင်ငံသားစစ်စစ်ပဲ။ သမ္မတဖြစ်လို့ မရဘူး ဆိုတာကတော့ လွဲမှားနေပြီ။ ဒါကိုပြင်ဖို့ လိုတာပေါ့'' ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ် တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် မီဒီယာများ၏ မေးမြန်းမှု များကို ပြန်လည် ဖြေကြား ရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC တို့ တွေ့ ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ် လာ စေရန် အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် အဓိကကျကာ ပြည်နယ်များ အာဏာခွဲဝေမှုနှင့် တိုင်းရင်းသားများ အကြား တန်းတူအခွင့်အရေး ရရှိမှုတို့ လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေးတို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ကြား စိတ်ဝမ်းကွဲမှု မရှိကြောင်း နှစ်ဖက်တာဝန် ရှိသူများက ပြောကြားသည်။

UNFC အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရန် လိုလားပြီး NLD ပါတီအနေဖြင့် လွှတ်တော်တွင်းမှ ပြင်ဆင်ရန် ဆောင်ရွက်လျက် ရှိသည့်အတွက် နှစ်ဖက်ခေါင်းဆောင်များက ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

''သူတို့ကတော့ လွှတ်တော်ထဲမှာ ရှိတဲ့အတွက် လွှတ်တော်ထဲကနေ ထိုးဖောက်သွားမယ်။ အန်ကယ်တို့ အပြင်မှာနေတဲ့ သူတွေကတော့ လွှတ်တော်ထဲမှာလည်း ၀င်တိုးလို့ မရဘူး။ နောက် ဖွဲ့စည်းပုံရဲ့ အနေအထားအရ လွှတ်တော်ထဲမှာ ပြင်ဖို့လည်း မလွယ်ဘူးလို့ အန်ကယ်တို့ မြင်တယ်။ အသစ်ရေးတာ ကတော့ လွယ်တယ်။ မြန်တယ်။ ကိုယ်လိုချင်တဲ့ ပုံစံရမယ်။ အဲဒါကို ယုံကြည်တာ'' ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

''ဒါပေမဲ့ ဒီကိစ္စပေါ်မှာ အခြေခံပြီး စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံးလိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုပဲ။ အဲဒီပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီပုံစံနဲ့တော့ မရဘူး။ ကျွန်မတို့အားလုံး လုံးဝသဘောတူကြတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသားများ လိုလားသည့် ပြည်ထောင်စုစစ်စစ်နှင့် ကိုက်ညီသည့် တပ်မတော် တစ်ခု ဖြစ်ပေါ်ရ မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ် စဉ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အသိသက်သေ အနေနှင့်သော် လည်းကောင်း၊ ပါဝင်ဆောင်ရွက်သူ အဖြစ်လည်းကောင်း ပါဝင်စေချင်သည်ဟု UNFC မှ လိုလားကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် ကလည်း တိုင်းရင်းသားများ၏ လိုလားချက်များကို အမြဲတတ်နိုင် သမျှ ဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

UNFC ခေါင်းဆောင်များဖြစ်သည့် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ (၁) ခွန်အေဘယ်တွိဒ်၊ ဒုဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မီဒီယာ များနှင့် နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ကြည်နိုင်)

Eleven Media Group

No comments:

Post a Comment