Tuesday, December 10, 2013

ထိုင်းနိုင်ငံရေးပဋိပက္ခ မြန်မာ သင်ခန်းစာယူရန် ဒေါ်စုအပါအ၀င် နိုင်ငံရေးလေ့လာသူများ တိုက်တွန်း

ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ သည် သင်ခန်းစာရယူကာ နိုင်ငံတွင်း ညှိနှိုင်းတိုင်ပင်မှုများဖြင့် အကောင်းဆုံးလမ်းကိုသာ ရွေးချယ်သင့် သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးလေ့လာသူများက သုံး သပ် ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မတို့ကတော့ ကိုယ့်နိုင်ငံအတွက်တော့ အကောင်းဆုံးလမ်းပဲ အမြဲရွေးချင်တယ်။ အားလုံး ညှိနှိုင်းတိုင်ပင်ပြီးတော့ အေးအေးချမ်းချမ်းလုပ်တယ်”ဟု ဒီဇင်ဘာ ၉ ရက်က ကာတာနိုင်ငံသို့ မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မီဒီယာများကို ပြောကြားသည်။

ထိုင်းနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေသည် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု မည်သို့ရှိနိုင်သည် ဆိုသည်ကို စောင့်ကြည့်ရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက “ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေကို အတု ယူပြီးတော့ မြန်မာနိုင်ငံမှာ ထိပ်တိုက်တွေ့မှာတွေ မဖြစ်အောင် တစ်ဖက်နဲ့တစ်ဖက် လျှော့ပေးတတ်တဲ့ အပြု အမူမျိုး ရွေးချယ်သင့်တယ်လို့ ထင်တယ်။ အဲဒီလိုမျိုးတွေမကြုံရလေအောင် အခုချိန်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အချင်းချင်း စကားပြောပြီး နိုင်ငံရေးအဖြေရှာဖို့ ပိုကြိုးစားသင့်တယ်”ဟု သုံးသပ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသည့် အခက်အခဲတစ်ခုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင် ရေးပင်ဖြစ်ပြီး ပြင်ဆင်ရေးအတွက် နိုင်ငံရေးအုပ်စုအသီးသီးတွင် သဘောထားအမျိုးမျိုး ရှိနေသည်။

“တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုမဖြစ်ခင် ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ အပေးအယူ လုပ်သင့်တာတွေ လုပ်သင့်တယ်။ ဒါမှသာ ပိုကောင်းတဲ့ အခြေခံဥပဒေတစ်ခု ပေါ်လာနိုင် တယ်။ ပြည်သူတွေ ကျေ နပ်နိုင်လောက်တဲ့ အဖြေတစ်ခုကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်တယ်”ဟု ဦးကျော်လင်းဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် အောက်တိုဘာလကတည်းက နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားကာ ပြီးခဲ့သည့် နှစ်ပတ် ခန့်အတွင်း ပိုမို ပြင်းထန်လာသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အတိုက်အခံပါတီဖြစ်သည့် လွှတ်တော် အမတ် ၁၅၃ ဦးက လွှတ်တော်မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည့်အတွက် ကျန်နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ သွားနေလျှင် ဝေဖန်စရာများဖြစ်လာနိုင်ကြောင်း၊ နိုင်ငံရေးအရ ဆန့်ကျင်မှုများ ပိုမိုဖြစ်လာနိုင်သည့်အတွက် ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲပြန်လုပ်ရန် ထိုင်းဝန် ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဆုံးဖြတ်လိုက်သည်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်းက “ထိုင်းမှာ ဆန္ဒပြပွဲတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ ကြီးတဲ့ အချိန်မှာ ထိုင်းဝန်ကြီးချုပ်က နိုင်ငံရဲ့အကျိုးစီးပွားကိုကြည့်ပြီး လွှတ်တော်ကို ဖျက်သိမ်းပေးလိုက် တယ်။ ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ လမ်းဖွင့်ပေးလိုက်တယ်။ ထိုင်းလွှတ်တော်ထဲမှာ အတိုက်အခံ ပါတီ အင်အားက အတော်ကောင်းတယ်။ မြန်မာနိုင်ငံမှာတော့ အတိုက်အခံပါတီရဲ့ လွှတ်တော်တွင်းအင်အားက ရာခိုင်နှုန်း အားဖြင့်ဆိုရင် ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူး။ ထိုင်းနိုင်ငံက အာဏာရပါတီဟာ လွှတ်တော် ထဲမှာအား ကောင်းတယ်။ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းတာလဲ အနိုင်ရပြီးသား။ ဒါတောင် တိုင်း ပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုပြီး လုပ်လိုက်တာ ဒါနိုင်ငံရေးမှာ သင်ခန်းစာယူသင့်တဲ့ လုပ် ရပ်တစ်ခုဖြစ်တယ်”ဟု သုံးသပ်ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အားသာသည့် အခြေအနေတွင် ရှိနေပြီး အမတ်အများစု ရထားသော်လည်း တင်းခံမနေဘဲ ပြည်သူလူထုအတွက် ၄၅ ရက်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြန်လုပ်မည်ဟု ဆုံးဖြတ် လိုက်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် အတုယူသင့်သည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု နိုင်ငံရေး ကျွမ်း ကျင်သူများက ဆိုသည်။

“လွှတ်တော်ထဲ အားသာနေတိုင်း၊ အထက်စီးကရနေတိုင်း ငါအသာရနေတာပဲဆိုပြီး မထားဘဲ ပြည်သူလူထု အကျိုး ရှေးရှုတာ”ဟု ဒေါက်တာရန်မျိုးသိန်းက ပြောသည်။
 
ထိုင်းနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းနှင့်ပတ်သက်၍ အဆိုပါဥပဒေကြောင့် သက်ဆင်ရှင်နာ ၀ပ် ပြည်တော်ပြန်ရေးဖြစ်လာမည့်အချက် ပါဝင်သည့် ဆန့်ကျင်လှုပ်ရှားမှုများကို ထိုင်းနိုင်ငံပြည်သူလူထု အဖွဲ့အစည်းပေါင်းစုံမှ ဆန့်ကျင်မှုများ လုပ်ဆောင်ခဲ့ရာတွင် ဆန့်ကျင်လှုပ်ရှားခဲ့သည့် လူထု ၁၈၀,၀၀၀ ကျော် အထိ ရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment