Tuesday, December 10, 2013

သိမ်ဖြူအားကစားကွင်း ပြန်ရရေး ဆန္ဒပြသူများ အစိုးရနှင့် တိုင်းလွှတ်တော်အထိ တောင်းဆိုထား

ပြည်သူပိုင်အားကစားကွင်းများ ပြန်လည်ပေးအပ်ရန် လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားပြီး အဖြေပြန်လည်ရရှိရန် စောင့်ဆိုင်းနေသည်ဟု ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်တိုင်း၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။
“ဒီမေးခွန်းကို အစိုးရက ဘယ်လိုဖြေမလဲဆိုတာ ပြည်သူတွေရဲ့အသံကို အစိုးရက နားထောင်၊ နားမထောင်ပေါ်မှာ မူတည်ပါတယ်”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ဒီဇင်ဘာလ ၉ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူများကိုယ်စား အားကစားကွင်း များကို ပြည်သူ များသို့ ပြန်လည်ပေးအပ်ရန်၊ မြေသိမ်းမှုပြုလုပ်ခဲ့သူများကို ဆန္ဒပြသည့် ပြည်သူ ၄၀ ကျော် တို့ကို ဒေါ်ညိုညိုသင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူပိုင်ဘောလုံးကွင်းအား ပြန်ပေးရန် ဆန္ဒပြတောင်းဆိုသူများက“ပြည်သူပိုင် အားကစား ကွင်းများ ပြန်ပေး”ဟူသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အောင်ဆန်း အားကစားကွင်း အနီးမှ ကန်တော်ရိပ်လမ်း၊ ပန်းဆိုးတန်းမှတစ်ဆင့် ဆူးလေဘုရားအနီး မြို့တော် ခန်းမရှေ့တွင် ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

အစိုးရအနေဖြင့် မည်မျှတန်ဖိုးရှိသည့် စာချုပ်များဖြစ်စေ ပြည်သူများက သဘောမတူပါက ပယ်ဖျက်ပေး ရမည်၊ ပြည်သူလူထုက သဘောမတူသဖြင့် မြစ်ဆုံစီမံကိန်းပင် ရပ်ဆိုင်းထားရသည့် သာဓကရှိသည်ဟု လည်း ဒေါ်ညိုညိုသင်းက ပြောသည်။

“ပြည်သူတွေကို သူတို့လိုချင်တဲ့ ဘောလုံးကွင်းတွေ ပြန်ပေးပါလို့ ပြောချင်တယ်”ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

၁၉၉၀ ပြည့်နှစ်ကျော်တွင် စတင်သိမ်းဆည်းခဲ့ခြင်းဖြစ်သည့် ပြည်သူပိုင်ဘောလုံး ကွင်းများအား ပြန် လည်ပေးအပ်ရန် ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်း ပထမအကြိမ်လွှတ်တော်၊ သတ္တမအကြိမ် ပုံမှန် အစည်းအဝေးတွင် တင်ပြထားခြင်းဖြစ်သည်ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

ဘောလုံးကွင်း ပြန်လည်ရရှိရန် သိမ်ဖြူကွင်းရှေ့တွင် တစ်ကြိမ်၊ မြို့တော်ခန်းမရှေ့တွင် တစ်ကြိမ် ဆန္ဒပြ ခဲ့သော်လည်း အစိုးရဘက်မှ အကြောင်းပြန်ကြားခြင်းမရှိသေးသဖြင့် ထပ်မံ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။

ယခုအကြိမ် ဆန္ဒပြရာတွင် မင်္ဂလာတောင်ညွန့် ဒေသခံများအပြင် အခြားမြို့နယ် များမှ ဒေသ ခံများ၊ နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့ချုပ်ဝင်များ၊ ဒီမိုကရေစီ အင်အားစုများ၊ ရှေ့နေ ကွန်ရက်ဝင် များလည်း လာရောက် ပူးပေါင်းခဲ့သည်။

အစိုးရဘက်မှ ပြည်သူများ ကန့်ကွက်နေခြင်းတို့အား ဖြေရှင်းမပေးဘဲ လွှတ်တော် ကိုယ်စားလှယ် များ၏ တောင်းဆိုမှုများကိုလည်း လျစ်လျူရှုပြီး သိမ်းဆည်းပြီး အားကစား ကွင်းများ ပြန်လည်ပေး မည် မဟုတ်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သြဂုတ်လအတွင်းက ပြောဆိုခဲ့သဖြင့် ထပ်မံ ဆန္ဒပြခြင်းဖြစ် သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဦးအေးမင်းက ဆိုသည်။

ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဌေးမြင့်က “အားကစားကွင်းတွေကို သိမ်းတယ်ဆိုတာလည်း အရေးကြီးတယ်။ နယ်တွေမှာဆိုရင် ပြည်သူတွေရဲ့ မြေတွေကို သိမ်းတယ်၊ အခု မြို့မှာကျတော့ ပြည်သူပိုင် အားကစားကွင်းတွေကို သိမ်းတယ်”ဟု ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက် အားကစားကွင်းနှင့် သိမ်ဖြူအားကစားကွင်းတို့ကို ပြည်သူပိုင် အဖြစ် ပြန် လည်ပေးရန် တောင်းဆိုလွှာများကို သမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ် ဦးမြင့် ဆွေ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်တို့အပါအ၀င် တိုင်ကြားစာ ၂၀ ပေးပို့ ထား သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ အားကစားကွင်းများ သိမ်းဆည်းကာ အဆောက်အအုံပြုလုပ်ခြင်းမှ ကာကွယ်ရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးအေးမင်းက ပြောသည်။

Mizzima

No comments:

Post a Comment