Monday, December 23, 2013

နှစ် ၃၀ အတွင်း မြို့ပေါ်နေလူဦးရေ နှစ်ဆတိုးလာပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပေါ်နေလူဦးရေ ၂၃ သန်းကျော်သည်အထိ တိုးတက်လာနိုင်

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း နှစ် ၃၀ အတွင်း မြို့ပေါ်နေ လူဦးရေမှာ နှစ်ဆ တိုးတက် လာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ၁၉၈၀ တုန်းက မြို့ပေါ်နေလူဦးရေဟာ ရှစ်သန်းကနေ အခု ၁၆ သန်းအထိ ရှိလာတယ်။ နှစ်ဆတက်လာတယ်” ဟု သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများကဲ့သို့ စက်မှုလက်မှု တိုးတက်ဖွံ့ဖြိုးလာမှုနှင့် စီးပွားရေးတိုးတက်လာမှုတို့ အပေါ် မူတည်၍ မြို့ပေါ်နေလူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာ လိမ့်မည် ဟု မျှော်မှန်း ရကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ စုစုပေါင်း လူဦးရေအပေါ် မြို့ပေါ်နေလူဦးရေ ရာခိုင်နှုန်း အချိုးအစားမှာ ၂၀၀၀ ပြည့်နှစ်တွင် ၃၀ ခန့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ၃၅ ခန့်အထိ တိုးတက် လာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်း မြို့ပေါ်နေ လူဦးရေမှာ ၂၀၀၀ ပြည့်နှစ်တွင် ၁၅ ဒသမ ၃၄ သန်းခန့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ၂၃ ဒသမ ၆၈ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းကြောင်း သံအမတ်ကြီး ဦးလှမောင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့ပေါ်နေလူဦးရေအတွက် စုစုပေါင်း အိမ်ရာလိုအပ်ချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံနှုန်းများအပေါ် အခြေခံ၍ ခန့်မှန်းကြည့်ရှုရာ၌ မြို့ပေါ်နေ လူဦးရေအတွက် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအိမ်ရာမှာ ၂ ဒသမ ၈၉ သန်းခန့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် စုစုပေါင်းအိမ်ရာ ၄ ဒသမ ၇၄ သန်းအထိ လိုအပ်လာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အဆိုပါ အချိန်ကာလအတွင်း တစ်နှစ်ပျမ်းမျှ အိမ်ရာလိုအပ်ချက်မှာ ၁ ဒသမ ၂၃ သိန်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရပြီး ယင်းတို့အနက် ငါးပုံတစ်ပုံခန့်မှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့ပေါ်နေ လူဦးရေ တို့အတွက် အိမ်ရာလိုအပ်ချက်ဖြစ်ကြောင်း သံအမတ်ကြီး ဦးလှမောင်က ပြောကြားသည်။

“ရန်ကုန်မြို့မှာ တစ်နှစ်ကို အခန်း ၂၀၀၀၀ လောက် လိုအပ်နေတာကို အခန်း ၇၀၀၀ လောက်ပဲ တည်ဆောက်နိုင်တဲ့အတွက် နှစ်စဉ်အခန်းလိုအပ်ချက်က မြင့်တက်နေဆဲပါပဲ” ဟု မြန်မာနိုင်ငံ ဆောက် လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စာရင်းများ အရ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေမှာ တစ်နှစ်ပျမ်းမျှ ၂ ဒသမ ၂၀ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ လူဦးရေ ဆက်တိုက်တိုးပွားသွားမည် ဆိုပါက မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၂၀၀၀ ပြည့်နှစ်တွင် ၅၀ ဒသမ ၁၃ သန်း ရှိခဲ့ရာမှာ ၂၀၁၅ ခုနှစ်တွင် လူဦးရေသန်းပေါင်း ၆၇ ဒသမ ၆၅ အထိ တိုးတက်လာမည်ဟု ခန့်မှန်းကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၅ နှစ်တာ အချိန်ကာလအတွင်း လူဦးရေ ၁၇ ဒသမ ၅၂ သန်းခန့် တိုးတက် လာနိုင်ကြောင်း သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က သုံးသပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment