Sunday, December 22, 2013

ပုဂ္ဂိုလ်ရေး အားပြိုင်မှုများ ရှိသော်လည်း မြန်မာ့နိုင်ငံရေး တိုးတက်မှုရှိဟု အမေရိကန်သုံးသပ်

မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး အခြေအနေသည် အာဏာသုံးရပ်နှင့် နယ်ပယ်အလိုက် အဓိက တာဝန်ရှိသူများအကြား ပုဂ္ဂိုလ်ရေး အားပြိုင်မှု၊ မဏ္ဍိုင်အချင်းချင်း အားပြိုင်မှုများ ရှိနေသော်လည်း အတိတ်ကာလများနှင့် နှိုင်းယှဉ်လျှင် ပုံမှန် တိုးတက်မှု ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက သုံးသပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

မြန်မာသတင်းမီဒီယာ လောကသား အချို့နှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့က အလွတ်သဘော သီးခြား တွေ့ဆုံစဉ် သံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေမှာ အာဏာသုံးရပ်၊ အဓိက ပလေယာများနှင့် နယ်ပယ် အားလုံးတွင် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို တိကျကွဲပြားစွာ သတ်မှတ်ချက်များ၊ ထိုသတ်မှတ်ချက်များ အတိုင်း သိရှိ လိုက်နာခြင်းများ တစ်နည်းအားဖြင့် အင်စတီကျူးရှင်နယ် လိုက်ဇေးရှင်းခေါ် ဥပဒေ မူဘောင် သွင်းနိုင်ခြင်းတွင် အားနည်း နေသေးသောကြောင့် ယင်းတို့ကို ကွဲပြား ပြတ်သားစွာ သိရှိ လိုက်နာလာနိုင်ရန် အချိန်တစ်ခု စောင့်ရန်လိုကြောင်း ၎င်းကဆိုသည်။

အားပြိုင်မှုများမှာ နေရာတိုင်း ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း မြန်မာ့နိုင်ငံရေး လောကအတွင်းမှ အဓိက ပလေယာများ အနေနှင့် သန်း ၆၀ သော မြန်မာ ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးတည် စဉ်းစား နိုင်ကြ လိမ့်မည်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်ကြောင်း၊ ထို့အပြင် ယင်းပြည် သူ လူထု အတွက် အမေရိကန် ပြည်ထောင်စုက မျက်ခြည် မပြတ် စောင့်ကြည့်နေကြောင်း ၊ ပြန်မာနိုင်ငံ၏ အပြောင်းအလဲ များမှာ မြန်မာ ပြည်သူလူထု၏လက်တွင် ရှိနေသည်ကို သိရှိကြစေ လိုကြောင်း သံအမတ်ကြီး က ပြောကြား သည်။

အမေရိကန်ပြည်ထောင်စု အနေနှင့် ကုန်ခဲ့သည့် နှစ်များမှ စကာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး နိုင်ငံသား ဖြစ်ခွင့်နှင့် လူနည်းစုများ၏ အခြေခံ လူ့အခွင့်အရေး ဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စရပ်အချို့မှ လွဲ၍ ယခုနောက်ပိုင်း ဥပဒေပြု လွှတ်တော်၊ အစိုးရတို့၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အတိတ်အချိန်များနှင့် စာလျှင် ကြီးမားသည့် ဖြစ်ပေါ် တိုးတက်မှုများ ဖြစ်သည်ဟု မြင်ကြောင်း၊ အာဏာတစ်ခုနှင့် တစ်ခုအကြားနှင့် ပုဂ္ဂိုလ် တစ်ဦးချင်းအကြား ရှိနေသော အားပြိုင်မှုများမှာမူ အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ရှိနေသည့် ပုံမှန် အခြေအနေများ ဖြစ်ကြောင်း၊ ဖြစ်ပေါ် လာသော အားပြိုင်မှုများကို မျက်နှာချင်း ဆိုင် တွေ့ ဆုံဆွေးနွေးခြင်းဖြင့် ညှိနှိုင်း ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ဒဲရစ်မစ်ချယ်က ထပ်လောင်း ပြောကြား သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းပြီးနောက် ၁၉၉၀ ပြည့်နှစ်မှစကာ စီးပွားရေး ပိတ်ဆို့မှု၊ တပ်မတော်အစိုးရ ခေါင်းဆောင်များ၊ တပ်မတော်အစိုးရနှင့် များစွာ နီးစပ်မှုရှိသည့် စီးပွားရေး လုပ်ငန်းရှင်များအား ဗီဇာ ပိတ်ပင်မှုများ၊ သံတမန် အဆင့်လျှော့ချခြင်း တို့ဖြင့် ဆယ်စုနှစ်နှစ်ခုကျော် ကာလအထိ အရေးယူခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန် ပြည်ထောင်စု၏ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော မြန်မာ နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ဒဲရစ်မစ်ချယ်ကို ပထမဦးဆုံး ခန့်အပ် တာဝန်ပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment