Sunday, December 22, 2013

သမ္မတကိုယ်တိုင် ကားပါမစ်ကို စာအိတ်ဖြင့်ပေးခြင်း မဟုတ်မှန်ဟု ဦးအောင်မင်းဆို

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကားတင်သွင်းခွင့် ပါမစ်ကို စာအိတ်ဖြင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပေးခဲ့သည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။

မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၌ ပြု လုပ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်း ထူထောင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကားတင်သွင်းခွင့် လိုင်စင်ကို အစိုးရအဖွဲ့ကိုယ်စား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော ၎င်းကိုယ်တိုင် ပေးအပ်ခြင်း ဖြစ်ကြောင်း ဦးအောင်မင်းက ဆိုသည်။
“ကားတင်သွင်းခွင့် လိုင်စင်လို ကိစ္စမျိုးကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ပေးရအောင် အဲဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ကားတင်သွင်းခွင့် များသည် အစိုးရ အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိပ်သီး ခေါင်းဆောင် များကို အခွန်ကင်းလွတ်ခွင့်နှင့် လက်အောက် ငယ်သားများအတွက် ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရန်ကို သတ်မှတ်ပေးထားကြောင်း ၎င်းကဆိုသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုနေ့တွင် နိုင်ငံတော် သမ္မတက ကားတင်သွင်းခွင့် များကို စာအိတ်ဖြင့် ပေးအပ်ခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်၏ ပြောဆိုချက်ကို မီဒီယာ အချို့တွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများကို ပေးအပ်ထားသော ကားတင်သွင်းခွင့် အစီးရေ ၁၁၁၀ ရှိပြီး အခွန်ကင်းလွတ်ခွင့်ရ အစီးရေ ၃၇၀ နှင့် ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရသော ကားအစီးရေ ၇၄၀ ပေး အပ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

The Voice

No comments:

Post a Comment