Monday, December 16, 2013

မျိုးချစ်စိတ်ကို ခုတုံးလုပ်ပြီး မတန်တဆဈေးဖြင့် ရောင်းမစားကြပါနှင့်

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေ သည့် ဆီးဂိမ်းပြိုင်ပွဲကြီး ကိုယခု ဆိုလျှင် မြန်မာနိုင်ငံ ကသာမက ပြိုင်ပွဲဝင် နိုင်ငံပေါင်း စုံကပရိသတ် များပါ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီဖြစ်သည်။

ပွဲစဉ်များအလိုက်ပါဝင်ယှဉ်ပြိုင်နေကြသည့် ကစားသ မားများကလည်း မိမိတို့၏နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ရန် အတွက် ဆုတံဆိပ်များဆာလောင် မွတ်သိပ်နေကြသည်။ ထို့နည်း တူပရိသတ်များကလည်း မိမိနိုင်ငံ၏ အားကစား သမား များကို အောင်မြင်မှုရစေချင်ကြသည်။

အိမ်ရှင် မြန်မာ ပရိသတ်များအနေဖြင့် ၄၄ နှစ်ကြာမှ ကိုယ့်မြေ၊ ကိုယ့်ရေ ပေါ်တွင်ကျင်းပခွင့်ရသည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာကစား သမားများကို ပိုပြီးအောင်မြင်မှုရစေချင်သည်။

အထူးသဖြင့် ပရိသတ်အများစုမျှော်လင့်နေသည့် ဘောလုံးပြိုင်ပွဲတွင် ပိုပြီးရွှေတံဆိပ်ကိုရယူလိုနေကြသည်။ သို့သော် ယနေ့အချိန် အထိဘောလုံးအားကစားကို မြန်မာ ပရိသတ်များ အားမလိုအား မရဖြစ်နေကြ ဆဲ။ သို့သော် ယခုချိန်အထိ မြန်မာအသင်းပွဲဆိုလျှင် ဘယ်လောက်ပင်ရှုံးရှုံး မကြည့်ဘဲမနေနိုင်ကြ။

အထူးသဖြင့် အစဉ်အလာပြိုင်ဘက် ထိုင်းအသင်းနှင့်ဆို ရင် မြန်မာပရိသတ် က ပိုပြီးလှိုက်လှိုက်လှဲ လှဲအားပေးနေကြဆဲဖြစ် သည်။ မြန်မာတွေရဲ့ မျိုးချစ်စိတ် ကို ဘောလုံးအားကစားပြိုင်ပွဲများတွင် ပိုပြီးတွေ့မြင် ရသည်။

ထို့နည်းအတူ မျိုးချစ်စိတ်ကိုခုတုံးလုပ်ကာ ငွေကြေး နဲ့ ရောင်းစားနေကြသူ များ ကိုလည်း ဘောလုံးပွဲ များတွင် အများဆုံးတွေ့မြင်ရတတ်သလို အခြားသောအကြိတ် အနယ်ယှဉ်ပြိုင်ရတော့ မည့် မြန်မာ အသင်း ပွဲစဉ် များတွင် လည်း ယင်းကဲ့သို့ဖြစ်စဉ်မျိုးတွေ့မြင်ရလေ့ ရှိသည်။

ထိုကဲ့ သို့ ဖြစ်စဉ်တစ်ခုကိုပင် တစ်နေ့ကတွေ့မြင်လိုက်ရသည်။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနှင့် ထိုင်း အတွေ့ မှာ အိမ်ရှင် ကမြန်မာ။ လာရောက်သည့်မြန်မာပရိသတ်က ကြောက် ခမန်းလိလိ။ ထိုင်းပရိသတ် များပင် ပါနိုင်ပါမလားတွေး စရာဖြစ်ခဲ့သည်။

ပွဲကိုကြည့်ရှုခွင့်မရဘဲပြန်သွားသည့် ပရိသတ်က ထောင်ဂဏန်းခန့်ရှိခဲ့သည်။ သူတို့တွင် လက်မှတ်ခ ပိုက်ဆံပါသော်လည်း ပွဲကြည့် ရှုခွင့်မရခဲ့။ ပြဿနာ ကမှောင်ခိုလက်မှတ်ဈေးဖြစ်နေသည်။ ထိုနေ့ က မှောင်ခိုလက်မှတ် တစ်စောင် တန်ဖိုးရှစ်ဆခန့်မြင့် တက်ခဲ့သည်။ ထိုနည်းတူ မန္တလေးတွင် ကျင်းပနေသည့် ဘောလုံးပွဲတွင်လည်း မှောင်ခိုလက်မှတ်အသံက ကျယ် လောင်နေဆဲဖြစ် သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ်က မှောင်ခို လက်မှတ်ရောင်းချသူများကို ထိရောက် စွာအရေး ယူမည်လို့ တရားဝင်ကြေညာ ထားခဲ့သည်။

သို့သော် ဘောလုံးကွင်းအနီးတွင် ပေါ်ပေါ်တင်တင်ရောင်း ချနေ သည့် မှောင်ခိုလက်မှတ်ရောင်းချသူများကို အရေး ယူလိုက်ပြီဆိုသည့် အသံတော့မကြားခဲ့ရ၊ မှောင်ခိုရောင်း ချနေသူများကဖြင့် ပန်းပန်လျက် အသွင်နှင့် ဆက်ရောင်း နေကြသည်ကို စိတ်မကောင်း စွာဖြင့်မြင်တွေ့ခဲ့ရသည်။ ဆက်၍လည်းမြင်တွေ့နေ ရမည်ဖြစ်သည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲသည် မြန်မာတို့၏ပုံရိပ် ကို ထုတ်ဖော်ပြခွင့်ရသည့် အခွင့်အရေးတစ်ခုလည်းဖြစ် သည်။ နိုင်ငံတကာအလယ် တွင် မြန်မာလူမျိုး ၏စိတ် ဓာတ်ကိုပြသရာရောက်သည့် နိုင်ငံ့ဂုဏ်ဆောင် ပွဲတော် ကြီး လည်းဖြစ် သည်။ အမျိုးသားရေးစိတ်ဓာတ်ကိုအခြေ ခံပြီး ယှဉ်ပြိုင် ကစားနေကြသည့် ဆီးဂိမ်းအားကစားပြိုင် ပွဲကိုဖြစ်နိုင်လျှင် ဈေး သက်သာစွာဖြင့် ကြည့်ရှုခွင့်တောင် ပေးရမည်ဖြစ်သည်။

အမိမြန်မာနိုင်ငံမှာအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ကြည့် ရှုမည့် ပရိသတ်များအနေဖြင့် လက်မှတ်တစ်စောင်ကို ရရှိဖို့မှောင်ခိုဝယ်ယူရသည့်အဖြစ်မျိုးက လုံးဝမဖြစ်သင့် ပေ။

ပြိုင်ပွဲတိုင်းတွင်အိမ်ရှင်ရွှေရမှသာလျှင် မြန်မာ့ ဂုဏ်တင့်တယ်မည်မဟုတ်ပေ။ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံသားတို့၏စိတ်ဓာတ်၊ အထူးသဖြင့် အိမ်ရှင်၏ မျိုး ချစ်စိတ်ကိုပြသနိုင်ခြင်းသည်လည်း မြန်မာတို့၏ဂုဏ် ကိုဖော်ထုတ် ရာရောက်ပေ သည်။ ထိုကဲ့သို့ဖော်ထုတ်ပြ သရမည့် အချိန်အခါမျိုးတွင် မျိုးချစ်စိတ်ကို ခုတုံးလုပ်ပြီး နိုင်ငံတကာကလာရောက်ကြည့်ရှုနေသည့် ဧည့်သည် ပရိသတ်များအလယ် တွင် မြန်မာနိုင်ငံတော် အလံကို ခေါင်း စည်းပြီး မြန်မာပွဲကြည့်ရှုခွင့်လက်မှတ်တစ်စောင် ကို အဆမတန်ရောင်း ချနေပုံက ရှက်ဖွယ်ကောင်းလှသည်။ နောက်လာမည့်ပွဲစဉ်များတွင်လည်း ထိုဖြစ်စဉ်မျိုး ကိုမြင်တွေ့နေရဦးမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် ထိုကဲ့သို့ဆီးဂိမ်းကိုရောင်းစားနေသူများအား ထိထိရောက်ရောက်အရေးယူသင့်ပြီဖြစ်ပါကြောင်း ကျွန်ုပ်တို့ တိုက်တွန်းပါသည်။

အယ်ဒီတာ
Yangon Media Group

No comments:

Post a Comment