အခြေခံ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှုသည် စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင် အလုပ်သမား ပဋိပက္ခများ ဖြစ်ပွားရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် မှ ကောက်ခံသည့် 'အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် အခြေခံလူမှုဘ၀ ကုန်ကျစရိတ်' စစ်တမ်း အရ သိရသည်။
အဆိုပါ စစ်တမ်းအရ အလုပ်သမားများ၏ လစာဝင်ငွေ နည်းပါးမှု နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေခြင်း၊ ထုတ်ကုန် စွမ်းအား ကျဆင်းခြင်း၊ အလုပ်ရှင်နှင့် ပဋိပက္ခဖြစ်ခြင်း၊ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ၀န်ထမ်းဖြစ်ပါက လာဘ်ပေးလာဘ်ယူမှုများ ရှိလာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆုံးရှုံးခြင်း၊ မိဘကျောင်းစရိတ် မတတ်နိုင်မှုကြောင့် ကလေးသူငယ်များ ပညာသင်ခွင့် ဆုံးရှုံးခြင်းနှင့် လူမှုရေးတာဝန် လစ်ဟင်းမှုများ ကြုံတွေ့ ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြဿနာများ ပြေလည်စေရန် အစိုးရ အနေဖြင့် ကုန်ဈေးနှုန်းကို အခြေခံ၍ အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေမည့် အနိမ့်ဆုံး လုပ်ခလစာကို အမြန်ဆုံး သတ်မှတ်ရန် လိုအပ်နေသည်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ) အနေဖြင့် အခြေခံ အလုပ်သမားများ၏ အထွေထွေ စားဝတ်နေရေး ကုန်ကျစရိတ်အား စစ်တမ်းကောက်ယူရာတွင် ဇနီး၊ ခင်ပွန်း၊ မူလတန်းအရွယ် ကလေး တစ်ဦး ပါဝင်သည့် မိသားစုတစ်စု၏ တစ်လတာ ကုန်ကျစရိတ် ပမာဏမှာ ကျပ် ၁၈၂၉၁၀ ရှိပြီး ယင်းတို့ လက်ရှိရရှိသည့် လစာဝင်ငွေနှင့် လုံလောက်မှု မရှိကြောင်း သိရသည်။
လက်ရှိလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားလျက်ရှိသော စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား တစ်ဦး၏ အခြေခံလစာမှာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ ကြားသာ ရှိနေသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စံကောင်း၊ ဟုတ်စိန်ပီနံအိတ် စက်ရုံ၊ ၀မ်ဟောင်ဟမ့် (သုံးထပ်ကြီး) အထည်ချုပ်စက်ရုံ၊ Myanmar Yes သကြားလုံးစက်ရုံ၊ နျဆကငမန ဖိနပ်ချုပ်စက်ရုံ၊ Esquire ဖိနပ်စက်ရုံ၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချုပ်စက်ရုံ၊ Myanmar hand some အထည်ချုပ်စက်ရုံ၊ north shore အထည်ချုပ်စက်ရုံနှင့် Great wall ဖိနပ်စက်ရုံတို့တွင် အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အခြားအလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။ ''စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင်တွေ တော်တော်များများက အလုပ်ထုတ် ခံလိုက်ရပြီ'' ဟု အလုပ်သမား အရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ဆိုသည်။
Eleven Media Group
Myanmar Hand some အထည်ချုပ်စက်ရုံမှ အလုပ်သမားများ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော် နေ သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
No comments:
Post a Comment