Tuesday, December 10, 2013

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ အား ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ သ၀ဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာတွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀၀၀ သုံးစွဲခွင့် ရရှိခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေ သဖြင့် ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု ပါရှိကြောင်း သိရသည်။

သို့သော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရန် ပြည်ထောင်စု လွှတ်တော်ကလည်း ခွင့်ပြုပြီးသား ဖြစ်သဖြင့် ဆက်လက် သုံးစွဲရန်သာရှိကြောင်း၊ အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရန် ကျန်ရှိနေသည့် ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များ အတွက်သာ အသုံးပြုရန်ရှိပြီး အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပွင့်လင်းမြင်သာမှုရှိစွာ သုံးစွဲမည် ဖြစ်သဖြင့် နိုင်ငံတော်သမ္မတ စိုးရိမ်သကဲ့သို့ စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း မရှိနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ''ကျွန်မတို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို သုံးစွဲတဲ့အခါမှာ အစိုးရက ဖွဲ့စည်းထားတဲ့ အထောက်အကူပြု အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ အစိုးရ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာပါ။ အစိုးရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အဖွဲ့အစည်း အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေဖို့လည်း မရှိပါဘူး။ နှစ် ၆၀ လုံးလုံး နိုင်ငံတော်က လမ်းတွေ၊ တံတားတွေ ဆောက်ခဲ့ပေမယ့် အောက်ခြေက ပြည်သူတွေအတွက် ထိထိရောက်ရောက်လုပ်တာ ဘာမှမရှိခဲ့ဘူး။ ကျွန်မတို့ အနေနဲ့ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက် အတွက်ပဲ ပွင့်လင်းမြင်သာမှု အရှိ ဆုံးဖြစ်အောင် ဆောင်ရွက်မယ်။ အဲဒီအတွက် ဥပဒေနဲ့ မညီစရာလည်း အကြောင်းမရှိပါဘူး'' ဟု ပြောကြား သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်ကလည်း ယခုသုံးစွဲခွင့် ရရှိမည့် ကျပ်သိန်း ၁၀၀၀ သည် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း မရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ မတ် ၃၁ ရက်အထိ လာမည့် သုံးလအတွင်း ဆက်လက် သုံးစွဲ မည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ချင်းပြည်နယ် ဖလမ်းမဲဆန္ဒနယ်မှ ဦးခွန်လိန်းက ''ကျွန်တော်တို့ ဒေသတွေမှာ အစိုးရက လုပ်မပေးသေးတဲ့ အခြေခံပြည်သူတွေ၊ ကျေးရွာတွေက လိုအပ်နေတဲ့ ဘတ်ဂျက်တွေကို အခုပေးတဲ့ ဘတ်ဂျက်တွေနဲ့ အောက်ခြေအဆင့် အထိဆင်းပြီး ဆောင် ရွက်ပေးဖို့ ရှိပါတယ်။ သမ္မတကပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က လုံးဝငွေကိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကျေးလက်ပြည်သူတွေ အမှန်တကယ် လိုအပ်နေတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ စီမံခန့်ခွဲပေးမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယခုကဲ့သို့ ခွင့်ပြုပေးခြင်းမှာ ပြည်သူ့ ဘဏ္ဍာကို ပြည်သူ့လက်ထဲသို့ တိုက်ရိုက်ရောက်ရှိနိုင်ရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်း၊ ပြည်သူ့အတွက် လုပ်ခြင်းဖြစ်ကြောင်း၊ အောက်ခြေပြည်သူများ အတွက် လက်တွေ့၌ အရေးကြီး လိုအပ်နေသည့် ကိစ္စ များအား ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ကျပ်သိန်း ၁၀၀၀ အား ပညာရေး၊ ကျန်းမာရေး၊ ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအပြင် မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ အတွက်ပါ အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း တစ်ခုအတွက် ကျပ်သိန်း ၅၀ ကိုသာ အများဆုံး သုံးစွဲရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment