Monday, December 30, 2013

တောင်သူအကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေမူကြမ်း ဖေဖော်ဝါရီလကုန် အစိုးရအဖွဲ့ထံ တင်မည်

တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းပြီး သုံးလကျော်ကြာသည် အထိ ထွက်ရှိလာခြင်း မရှိသေးသည့် နည်းဥပဒေမူကြမ်းကို လာမည့်ဖေဖော်ဝါရီလကုန်တွင် အစိုးရအဖွဲ့ သို့ တင်ပြရန် စီစဉ်နေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်း က ဒီဇင်ဘာ ၂၈ တွင် ပြောသည်။
“ရေရှည်တည်တံ့ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် တောင်သူလယ်သမားအခွင့်အရေး ကာ ကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတစ်ရပ် ရေးဆွဲနိုင်ဖို့ အပိုင်းသုံးပိုင်းခွဲကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ၀န်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ၊ ဥပဒေရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်နှံ့စပ်သော ဥပ ဒေပညာရှင်များ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်”ဟု နေပြည်တော်တွင် ပြုလုပ်သည့် နည်းဥပဒေရေး ဆွဲနိုင်ရေး ဦးဆောင်အဖွဲ့ငယ်၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြား လိုက်ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့တွင် ဦးအုန်းသန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး လယ်ယာမြေ၊ နည်းပညာ၊ သွင်းအားစု နှင့် အရင်းအနှီးချေးငွေဆိုင်ရာ နည်းဥပဒေရေးဆွဲရေးအဖွဲ့၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာ နည်းဥပဒေ ရေး ဆွဲရေး အဖွဲ့၊ သီးနှံဈေးကွက်နှင့် သင့်တင့်မျှတသောဈေးနှုန်းရရှိရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ နည်းဥပဒေရေးဆွဲရေးအဖွဲ့တို့ဖြင့် ဇန်န၀ါရီလကုန်အပြီးဆောင်ရွက်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ ယင်း မှရရှိလာသည့် နည်းဥပဒေများကို ဦးဆောင်အဖွဲ့၊ ဥပဒေကျွမ်းကျင်ပညာရှင် များက ပြန်လည်ဆွေးနွေး ၍ ဖေဖော်ဝါရီလအပြီး အစိုးရအဖွဲ့ထံ တင်ပြနိုင်ရန် စီစဉ်ထားသည်။

နည်းဥပဒေရေးဆွဲရေး အဖွဲ့ခေါင်းဆောင်တာဝန်ယူထားသည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က “နည်းဥပဒေတွေ ရေးဆွဲရာမှာ တောင်သူတွေရဲ့ အခွင့်အ ရေးနဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက်နဲ့ အမှန်တကယ် ကာကွယ် မြှင့်တင်ပေးနိုင်မယ့် နည်းဥပဒေ ဖြစ်ဖို့ လိုပါတယ်။ အဓိက ဦးတည်ချက်ဖြစ်တဲ့ လုပ်ကွက်ငယ် တောင်သူလယ်သမားများကို နည်းပညာ၊ အရင်းအနှီးများ ပံ့ပိုးပေးနိုင်ရေးနဲ့ ရရှိလာတဲ့ ထွက်ကုန်များကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်း ချနိုင် ရေး အတွက် အလေးထား ဆောင်ရွက်ပေးပါ”ဟု ဆိုသည်။

အခန်း (၈)ခန်းနှင့် ဥပဒေပုဒ်မ ၂၉၁ ခု ပါဝင်သည့် အဆိုပါဥပဒေကြမ်းကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်ကတည်းက အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သော်လည်း လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်မူ နည်းဥပဒေထွက်ရှိခြင်း မရှိသေး၍ ကြန့်ကြာနေခဲ့သည်။ ယင်းနောက် ဒီဇင်ဘာ ၃ရက်တွင် နည်းဥပဒေရေးဆွဲရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်နေသည်။

Mizzima - News in Burmese

No comments:

Post a Comment