ရန်ကုန်တိုင်းဒေသကြီးရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင်များအတွင်း၌ ၂၀၁၅
ခုနှစ်အတွက် အမတ်ရောဂါ ထနေကြကြောင်း၊ အမတ်ရောဂါ ထခွင့်ရှိသော်လည်း
အဖွဲ့ချုပ်သွေး ကွဲအောင် မလုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဒီဇင်ဘာ ၁၈ ရက်၌
တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်တိုင်းဒေသကြီးတိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ
ဒုတိယအကြိမ်တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး၌ ပြောကြားလိုက်သည်။
"
တိုင်းနှင့်ပြည်နယ် ညွန်ကြားချက် မလာသေးဘူး။ သက်ဆိုင်ရာ
အလုပ်အမှုဆောင်အဖွဲ့က မတင်သေးဘူး။ အမတ်လေးနေရာ အထိ
လျာထားတဲ့မြို့နယ်တွေတောင်ရှိ တယ်။ အထူးသဖြင့် ဘယ်သူက ပြည်သူ့လွှတ်တော်အမတ်၊
ဘယ်သူက အမျိုးသား လွှတ်တော် အမတ် ဆိုပြီး ဖြစ်နေတာ တွေသိရတယ်။
ဒီလိုရောဂါထခွင့်
ရှိပါတယ်။ ဒါပေမဲ့ အမတ်လုပ်ချင်တဲ့ သူတွေဟာ သက်ဆိုင်ရာမြို့နယ်၊
ခရိုင်အမှုဆောင် တွေ၊ ရပ်/ကျေး အမှုဆောင်တွေနဲ့ ပူးပေါင်းပြီး
လုပ်ဆောင်ဖို့လိုတယ်။ ငါအခုကတည်းက အမတ်လုပ် မယ်ဆိုပြီး အမှုဆောင်တွေကို
သဘောထားမတိုက်ဆိုင်အောင် လုပ်တာတို့၊ မိမိနဲ့သဘောထား တိုက်ဆိုင်တဲ့သူ
လေးငါးဦးစုတာတို့ မလုပ်ပါနဲ့။ အဖွဲ့ချုပ်အတွင်း သွေး ကွဲအောင် မလုပ်ပါနဲ့ "
ဟု ၎င်းက ပြောသည်။
ထို့ပြင်
အမတ်ဖြစ်ချင်လျှင် အများသဘောတူ လက်ခံအောင် လုပ်ရမည်ဖြစ်ကြောင်း၊
အမတ်ဖြစ်ရေးကိုသာ ကြိုးစားနေပြီး အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များနှင့်
ပြည်သူလူထု အကျိုးကိုမေ့လျော့ထားပါက သေချာပေါက် ၇၅ ရာခိုင်နှုန်း
ကျရှုံးသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။
တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲ သို့ အလုပ်အမှုဆောင် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အားသဲ၊ တင့်ဇော်ထွန်း၊
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment