Monday, December 9, 2013

ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူမှ တောင်းဆိုထားခြင်း မရှိသည့်အတွက် စိတ်မပူရန် NCCT အဖွဲ့ခေါင်းဆောင် ပြောကြား

ပြည်ထောင်စုမှ ခွဲထွက်မည်ဟု မည်သူကမှ တောင်းဆိုထားခြင်း မရှိသည့်အတွက် စိတ်မပူရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီဇင်ဘာ ၈ ရက်က ပြောကြားသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယခုလဆန်းပိုင်းတွင် ပြည်သူများသို့ ပြောကြားခဲ့သည့် ရေဒီယို မိန့်ခွန်း တွင် မှန်ကန်သည့် နိုင်ငံရေး နည်းလမ်းများဖြင့် တိုင်းရင်းသားများ၏ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားသည်ဟု ပြောကြားခဲ့မှုအပေါ် ဦးနိုင်ဟံသာက သမ္မတ၏ မိန့်ခွန်းနှင့် ပတ်သက်ပြီး "ကောင်းပါတယ်။ အဲဒါကတော့ ဒါရေဘူယျ သဘောပေါ့ဗျာ။ ဒါပေမဲ့ တကယ့် လက်တွေ့ ဆွေးနွေးတဲ့ အခါကျရင် တိုင်းရင်းသားတွေက ဘာကိုတောင်းဆို နေလည်းဆိုတော့ အမျိုးသား တန်းတူရေးနဲ့ သူတို့ပြည်နယ်ပိုင်း ဆိုင်ရာမှာ သူတို့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိဖို့ပေါ့ဗျာ။ ဒါပေမဲ့ ပြည်ထောင်စု ကနေ ခွဲထွက်မယ်ဆိုတဲ့ အနေအထားမျိုး ဘယ်သူမှလည်း တောင်းဆိုထားတာ မရှိပါဘူး။ အဲဒီ အတွက် လည်း စိတ်ပူစရာ မလိုပါဘူးလို့" ဟု ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လက်ရှိတွေ့ဆုံ ဆွေးနွေးမှုများကို မပျက်စေ ချင်ကြောင်း၊ လက်ရှိဆွေးနွေးမှု များမှတစ်ဆင့် အောင်မြင်သည့် အနေအထားသို့ ရောက်ချင်ကြောင်းနှင့် ယင်းအနေအထားသို့ ရောက်ရှိရန်အတွက် ပြည်သူများ၏ တွန်းအားပေးမှုအပေါ် များစွာမူတည်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးနိုင်ဟံသာက ပြောကြားသည်။
"လက်ရှိဆွေးနွေးမှုတွေကနေ အောင်မြင်နိုင်တဲ့ အနေအထားကို ရောက်နိုင်ဖို့က ပြည်သူတွေရဲ့ တောင်းဆိုမှု အပေါ်မှာလည်း အများကြီး မူတည်တယ်။ အဲဒီတော့ မှန်မှန်ကန်ကန်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား မျိုးရောက်အောင် ပြည်သူတွေကလည်း လိုအပ်တဲ့ အပိုင်းမှာ တွန်းအားပေးစေချင်တယ်။ ပြည်သူတွေ တွန်းအားပေးစေချင်တယ် ဆိုတာက ဖြစ်ခဲ့တာတွေကို လက်ခံဖို့၊ ကိုယ့်အမြင်အပေါ်မှာပဲ မှားမှားမှန်မှန် အသေရပ်တဲ့ ပုံစံမျိုး မဖြစ်သင့်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို လိုက်လျောဖို့ လိုတယ်ဆိုတာမျိုးပေါ့။ တစ်ဖက်ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုကိုလည်း အလေးထားပြီး စဉ်းစားဖို့ လိုတယ်ပေါ့ဗျာ" ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
NCCT အဖွဲ့သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းမှုများ ပြု လုပ်ရန် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာဒေသတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ပထမအကြိမ် ညီလာခံမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Eleven

No comments:

Post a Comment