Saturday, December 21, 2013

ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး NLD ဒုတိယအကြိမ် ကမ်းလှမ်း

၂၀၁၅ ရွေးကောက် အပါအဝင် လာမည့် ရွေးကောက်ပွဲများတွင် ရှမ်းတိုင်းရင်းသားပါတီ တစ်ခုတည်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရှမ်းပါတီနှစ်ခု ပူးပေါင်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) ကို ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်း လိုက်ကြောင်း SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ၊ ရှမ်းပြည်နယ်၏ နိုင်ငံရေး အခြေအနေများနှင့် ပြည်သူလူထု၏ ဆန္ဒအရ ရှမ်းပါတီနှစ်ခု ပူးပေါင်းနိုင်ရေးအတွက် သင့်လျော်သည့် နေရာတွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် SNLD က ဒီဇင်ဘာလ ၁၇ ရက်နေ့က ထပ်မံကမ်းလှမ်းခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “နိုဝင်ဘာမှာ ပထမအကြိမ် ကမ်းလှမ်းတာကို တရားဝင်အကြောင်း မပြန်သေးလို့ တစ်လအကြာမှာ ဒုတိယအကြိမ် ထပ်ကမ်းလှမ်းတာပါ” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ပါတီနှစ်ခု ပူးပေါင်းမည် ဆိုပါက ရွေးကောက်ပွဲ ကော်မရှင်၏ စည်းမျဉ်း လုပ်ထုံးများအရ မူလပါတီ နှစ်ခုကို ဦးစွာ ဖျက်သိမ်းရမည် ဖြစ်သည့်အတွက် မလွယ်ကူကြောင်း၊ ယင်းအပြင် SNDP က ဖွဲ့စည်းထားသည့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တွင် လွှတ်တော် ကိုယ်စားလှယ်လေးဦး ပါဝင်နေသဖြင့် မအားလပ်မှုကြောင့် အနည်းငယ် ကြန့်ကြာခြင်း ဖြစ်ကြောင်း ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် SNDP ဒုတိယဥက္ကဋ္ဌ ဦးဆောင်ဆီက ရှင်းပြသည်။

SNLD ၏ ပထမအကြိမ် ကမ်းလှမ်းချက်ကို ရန်ကုန်မြို့ရှိ SNDP ဗဟို အလုပ်အမှုဆောင်မှ တစ်ဆင့် ပြန်ကြား ခဲ့ပြီး ယခုတစ်ကြိမ်တွင် စာဖြင့် တရားဝင် ပြန်ကြားမည် ဖြစ်ကြောင်း၊ ပါတီ ပူးပေါင်းရေး ဆွေးနွေးမှုကို SNDP နှစ်ပတ်လည် ညီလာခံအပြီး ဇန်နဝါရီ နောက်ပိုင်းမှသာ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ “ပါတီတစ်ခု အတွင်းက လူတွေ ညီညွတ်ဖို့တောင် တော်တော် ခက်ခက်ခဲခဲ လုပ်ယူရတာ နှစ်ပါတီ ပေါင်းမယ့်ကိစ္စက အလျင်စလို လုပ်လို့တော့ မရဘူးပေါ့” ဟု ဦးဆောင်ဆီက ဆိုသည်။

SNDP က ပါတီ ပေါင်းစည်းရေးအတွက် ၎င်းတို့၏ SNDP နှစ်ပတ်လည် ညီလာခံ အပြီး၌ ဆွေးနွေးမည်ဟု ကြားသိ ထားသော်လည်း ယင်းသို့ မဖြစ်သင့်ကြောင်း၊ ညီလာခံ မတိုင်မီ အလွတ်သဘော နှစ် ဘက် ဆွေးနွေးပြီး မှသာ ညီလာခံတွင် ထပ်မံညှိနှိုင်းပါက ပိုမိုအဆင်ပြေ မြန်ဆန် နိုင်ကြောင်း ဦးစိုင်းညွန့် လွင် က ထောက်ပြသည်။

ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး နှစ်ဖက် တွေ့ဆုံညှိနှိုင်းရန် SNLD နှင့် SNDP ပါတီ ဒုဥက္ကဋ္ဌများ ဦးဆောင် သည့် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များကို အဖွဲ့ဝင် ငါးဦးစီဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား နိုင်ငံရေး ပါတီကြီးများ အချင်းချင်း ပူးပေါင်းရန် လုပ်ဆောင်နေ မှုများ တွေ့မြင်ရသော်လည်း အဆင်မပြေ ကြန့်ကြာမှုများ ရှိနေကြောင်း၊ ယင်းဖြစ်ရပ်များမှာ သဘာဝ အရ ဖြစ်လေ့ဖြစ် ထ ရှိပြီး အဆင်မပြေမှုများမှ သင်ခန်းစာများ ရယူသွားမည် ဖြစ်ကြောင်း ရှမ်းပါတီကြီး နှစ်ခု ၏ ခေါင်းဆောင်များက ပြောကြားသည်။

The Your Voice Weekly

No comments:

Post a Comment