Tuesday, January 14, 2014

သပိတ်ကျင်းမြို့၌ ၂၀၁၃ ခုနှစ်အတွင်း ၄ ဒသမ ၃ ရစ်ခ်ျတာစကေးရှိသည့် ငလျင်ခြောက်ကြိမ် လှုပ်ခတ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့ဝန်းကျင်တွင် ၂၀၁၃ ခုနှစ်အတွင်း ငလျင်လှုပ်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ရာ ၄ ဒသမ ၃ ရစ်တာစကေးရှိသည့် ငလျင်ခြောက်ကြိမ်ရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန (မန္တလေး တိုင်း)မှ သိရသည်။
“မန္တလေးငလျင်စခန်းကနေ တိုင်းတာလို့ရတဲ့ စာရင်းဇယားတွေအရဆိုရင် တစ်နှစ်အတွင်းမှာ အကြိမ် ပေါင်း သုံးဆယ်လောက်ရှိတယ်။ သိသိသာသာ ငလျင်လှုပ်တာက (၁၄)ကြိမ်လောက်ရှိတယ်”ဟု မိုး/ဇ လဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစောက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းတွင် ဖြစ်ပွားခဲ့သော ငလျင်လှုပ်မှု ၁၄ ကြိမ်တွင် ၂၀၁၃ ခုနှစ် စက် တင်ဘာလအတွင်း သုံးကြိမ်နှင့် ဒီဇင်ဘာလအတွင်း သုံးကြိမ် လှုပ်ရှားခဲ့ပြီး ရစ်စတာစကေး ၄ ဒသမ ၃ ၀န်းကျင်ဖြင့် လှုပ်ရှားခဲ့ကြောင်း သိရှိရပြီး ကျန်လများတွင် တစ်ကြိမ်စီ လှုပ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်လှုပ်ခတ်မှုတွင် သိသာသည့် ငလျင်လှုပ်ခတ်မှုမှာ ၃ ဒသမ ၅ ရစ်စတာစကေးအဆင့် ကျော်လွန် မှသာလျှင် ခံစားသိရှိနိုင်ရပြီး ရစ်တာစကေးငါး ကျော်လွန်ပါက အင်အားအသင့်အတင့်၊ ခြောက်ကျော်ပါ က အင်အားပြင်း ငလျင်အဖြစ် သတ်မှတ်သည်။

“ငလျင်ရဲ့သဘာဝက ငလျင်အကြီးပြီးရင် အင်အားနည်းတဲ့ ငလျင်လေးတွေ ထပ်လှုပ်တတ်တယ်။ တ ဖြည်းဖြည်းနဲ့ အောက်ဖက်ကို ငလျင်ကြောအတိုင်း ရောက်သွားတယ်ဆိုပေမယ့် သပိတ်ကျင်းဝန်းကျင် မှာတော့ ငလျင်ငယ်လေးတွေ ခဏခဏလှုပ်နေတယ်”ဟု မိုး/ဇလမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ၆ ဒသမ ၈ ရစ်တာစကေးရှိသော အင်အားပြင်းထန်သည့် ငလျင်ဒဏ်ခံခဲ့ရ ပြီး နိုဝင်ဘာ ၁၁ ရက်က လှုပ်ခဲ့သည့် အင်အားပြင်းထန်သော ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ် အတွင်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ တိုင်းဒေသကြီးမှ စာရင်းဇယားများအရ လူနေအိမ်၊ သာသနိက အဆောက်အအုံ၊ ဆေးရုံဆေးခန်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများ စုစုပေါင်း ၁၁၀၉ လုံး ပျက်စီးခဲ့ ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မိုးရေချိန် အများဆုံး ရွာသွန်း ခဲ့သည့် လမှာ အောက်တိုဘာလဖြစ်ပြီး မိုးရေချိန် ၃ ဒသမ ၁၃ လက်မအဖြစ် စံချိန်တင် ရွာသွန်းခဲ့ကာ အပူချိန် အနည်း ဆုံးမှတ်တမ်းမှာ ဒီဇင်ဘာလ ၁၈ ရက်က ကျဆင်းခဲ့ပြီး ၁၀ ဒသမ ၅ စင်တီဂရိတ်အထိဖြစ်ခဲ့ကြောင်း မိုး/ဇလမှတ်တမ်းများအရ သိရှိရသည်။

Mizzima - News in Burmese

No comments:

Post a Comment