Tuesday, January 14, 2014

တရုတ်ဝယ်အားကောင်းနေ၍ နှမ်းတင်ပို့မှုဝင်ငွေ ယခင်နှစ်ထက် အများအပြားသာနိုင်

တရုတ်နိုင်ငံ၏ စံချိန်တင်ဝယ်လိုအားမြင့်နေမှုကြောင့် လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပ သို့ နှမ်းမျိုးစုံတင်ပို့မှုသည် ယခင်နှစ်များထက် အများအပြား ပိုမိုဖွယ်ရှိနေသည်ဟု မြန်မာနိုင်ငံ ပဲမျိုး စုံနှင့် နှမ်းကုန်သည်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉဏ်က မဇ္ဈိမသို့ ပြောသည်။
ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံဘက်မှ မြန်မာနှမ်းမျိုးစုံဝယ်လိုအားသည် အထူးမြင့်တက်နေ ကာ ဈေးနှုန်း လည်းကောင်းမွန်နေပြီး ဒီဇင်ဘာလကုန်အထိ တန်ချိန် ၁၄၀,၀၀၀ ကျော် တင်ပို့မှုမှ ကန်ဒေါ်လာ ၂၆၇ သန်း ရရှိထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်များ အသင်းက သတင်းထုတ်ပြန် ထားသည်။ ပြီးခဲ့သည့်၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့နှမ်းမျိုးစုံတန်ချိန် တစ်သိန်းကျော်တင်ပို့ ခဲ့ကာ ၀င်ငွေ ကန်ဒေါ်လာ ၂၃၅ သန်းကျော် ရရှိခဲ့သည်။

ဦးစိုင်းဘဉဏ်က “ဒီနှစ်က တရုတ်က နှမ်းမျိုးစုံကို ၀ယ်လိုအားကောင်းနေတာကြောင့် နှမ်းဈေး ကလည်း ကောင်း တယ်။ ဘဏ္ဍာနှစ်ကုန်ထိဆိုရင် တန်ချိန် ၁၈၀,၀၀၀ လောက်ထိ တင်ပို့ရနိုင် မယ်လို့ မှန်းထား တယ်။ မနှစ်က တန်ချိန် ၁၁၀,၀၀၀ လောက်ပဲ ပို့ထားတာလေ” ဟု မဇ္ဈိမသို့ ပြောသည်။

ယခင်နှစ်များကမြန်မာနှမ်းကို တရုတ်နိုင်ငံမှ ၀ယ်ယူမှုအနည်းငယ်သာရှိခဲ့ပြီး ကိုးရီးယားနှင့် ဂျပန်တို့သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှုရှိသော်လည်း ယင်းနိုင်ငံများအနေဖြင့် အရည်အသွေးကောင်း မွန်ကာ ဓာတုဓာတ်ကြွင်းကင်းစင်သောပစ္စည်းများကိုသာ ၀ယ်ယူသဖြင့်တင်ပို့နိုင်မှုပမာဏ အကန့် အသတ် ရှိသည့်အတွက် နှမ်းတင်ပို့သည့်ကုမ္ပဏီ အနည်းငယ်သာ ရှိသည်ဟု ယင်းကဆက်လက်ပြော သည်။

ဦးစိုင်းဘဉဏ်က “နယ်စပ်ကုန်သွယ်ရေးကနေပဲ နှမ်းတင်ပို့မှု ၈၅ ရာခိုင်နှုန်းလောက်ကို တရုတ်ဘက်ကို ပဲ အဓိကထားပို့နေရတယ်။ ကိုးရီးယားက နှမ်းအမှုန့်တွေ သွားရတယ်။ ဂျပန်ဆိုလဲ အရည် အသွေး ကောင်းကောင်းပေးနိုင် တာပဲ သွားရတယ်” ဟု ပြောသည်။

မိုးနှမ်း စတင်ပေါ်သည့် စတင်ဘာလ၀န်းကျင်တွင်အကောင်းဆုံးဟုဆိုသော နှမ်း(အမည်း) တစ်တန် လျှင် ၁၃,၀၀၀ ကျပ်ဖြင့် ဈေးစတင်ပေါက်ခဲ့သော်လည်း ယခုအချိန်တွင် ၀ယ်လိုအားကြောင့် ဈေးမြင့် တက်နေကာ လက်ရှိအချိန်တွင် တစ်တန်လျှင် ၁၇,၀၀၀ ကျပ်ဈေးဖြစ်သည်။ 

မြန်မာနှမ်းမျိုးစုံအား ၂၀၁၃ ခုနှစ် ဇွန်လကတည်းကစတင်ကာ တရုတ်ဘက်မှ ၀ယ်လိုအား အထူးမြင့် တက်လာခြင်းဖြစ်ပြီး ပစ္စည်းပြတ်လပ်သွားနိုင်သည်အထိ ၀ယ်လိုအားကောင်းနေခြင်းဖြစ်သည်ဟု မန္တလေးမြို့ အခြေစိုက် ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော် အသင်း (ကုန်စည်ဒိုင်) မှ နှမ်းကုန်သည် များက ဒီဇင်ဘာဒုတိယပတ်အတွင်း မဇ္ဈိမသို့ပြောကြားခဲ့သည်။

မန္တလေးအခြေစိုက် နှမ်းကုန်သည်တစ်ဦးက “တရုတ်က နှမ်းကိုအရောင်မရွေးဘူး။ နက်၊ နီ၊ ဖြူ အားလုံး ၀ယ်တယ်။ အဟောင်းတွေလည်းဝယ်တယ်။ အသစ်ပေါ်လာတော့လည်း ဆက်ဝယ် တယ်။ အသစ်ပေါ် လာတော့ ဈေးအတက်ခဏငြိမ်သွားပေမယ့် ၀ယ်လိုအား အရမ်းကောင်းတော့ ဈေးပြန်တက်လာပါ တယ်” ဟု မဇ္ဈိမသို့ ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့ သည်။

နှမ်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးသော်လည်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုး သည်။

Mizzima - News in Burmese

No comments:

Post a Comment