Tuesday, January 28, 2014

မန္တလေးမြို့တွင်း ယာဉ်ကြောကျပ်ခြင်း အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ်များကြောင့် မဟုတ်ဟု ကော်မတီ အကြီးအကဲ ငြင်းဆို

မန္တလေးမြို့တွင်း ယာဉ်ကြောကျပ်ခြင်းသည် ခရီးသည်တင် အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ်များ ဖြတ် သန်းသွားလာခြင်းတစ်ခုတည်းကြောင့် မဟုတ်ကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ် လိုင်းများ ကြီးကြပ် ရေးကော်မတီမှ တာဝန်ရှိအကြီးအကဲတစ်ဦးက ငြင်းဆိုလိုက်သည်။
“မြို့ထဲမှာ လမ်းကျပ်တာ၊ ယာဉ်ကြောတွေရှုပ်တာ ခုနောက်ပိုင်း တော်တော်ဆိုးလာပေမယ့် အဝေးပြေး ယာဉ်တွေတစ်ခုတည်းကြောင့်တော့ ပြောလို့မရပါဘူး။ တစ်စိတ်တစ်ဒေသတော့ ၀န်ခံပါတယ်။ အဝေး ပြေး ဂိတ်တွေတချို့က မြို့နဲ့ထိစပ်တဲ့နေရာတွေမှာ ရှိနေသေးတယ်။ မြိုနဲ့ လွတ်လွတ်ကင်းကင်းမှာ ဖြစ် သွားရင်တော့ အဝေးပြေးကားတွေကလည်း အဲဒီကွင်းကပဲ အ၀င်အထွက်လုပ်ရုံပဲဆိုတော့ မြို့ထဲကို ၀င်
စရာအကြောင်း သိပ်မရှိတော့ဘူး။ အဝေးပြေးယာဉ်တွေ မြို့ထဲကို ဖြတ်ပါတယ်။ မဖြတ်ဘူး မပြောပါဘူး။ ဒါပေမဲ့ ဒီယာဉ်တွေ ဖြတ်တာတစ်ခုတည်းကြောင့်တော့ လမ်းကြောရှုပ်ထွေးတယ်ဆိုတာကိုတော့ လက် မခံပါဘူး”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း အဝေးပြေးယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီတွင် မှတ်ပုံတင်ထားသည့် အဝေးပြေး ယာဉ်အစီးရေ ၈၀၀,၀၀၀ ခန့်ရှိရာ မန္တလေးအခြေစိုက် ပြေးဆွဲနေသော အဝေးပြေးယာဉ်များ အစီးရေ ၅,၀၀၀ ကျော်ခန့်ရှိသည်။ မန္တလေးမြို့တွင် အဝေးပြေးကားကွင်း လေးကွင်းရှိပြီး အဆိုပါကွင်းလေးခုတွင် ဆိုက်ရောက်ပြေးဆွဲနေသော အဝေးပြေးကားဂိတ်ပေါင်း ၃၅၀ ခန့်ရှိသည်ဟု အဆိုပါကော်မတီမှ သိရ သည်။

၂၀၁၃ မေလမှစတင်ကာ ပြည်ကြီးမင်္ဂလာကားကွင်း(စွယ်တော်) ဖွင့်လှစ်ပြီးစီးချိန်မှစတင်ကာ သုံးတန် အထက် ကုန်တင်ယာဉ်များနှင့် ကုန်စည်ဂိတ်များကို မြို့တွင်းတွင် ၀င်ရောက်ခွင့်၊ ဖွင့်လှစ်ခွင့် မပြုထား သော်လည်း အချို့ကုန်စည်ဂိတ်များသည် မြို့တွင်းတွင် ဖွင့်လှစ်နေသေးသည်ကို တွေ့ရသည်။

ထို့အပြင် အချို့ဆိုင်နှင့် ပွဲရုံများက ဖွင့်လှစ်ရောင်းချခြင်းတွင် လမ်းဧရိယာပလက်ဖောင်းပေါ်ထိ ကုန် ပစ္စည်းများ ခင်းကျင်းရောင်းချခြင်း၊ ဆိုင်လာယာဉ်များက လမ်းပေါ်တွင် ရပ်ရခြင်းတို့ကြောင့် လမ်းပိတ် ခြင်း၊ ယာဉ်ကြောရှုပ်ထွေးခြင်းများ ဖြစ်ပွားရသည်ဟုလည်း မန်းစည်ပင်အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြော သည်။

“မြို့ထဲက အချို့ဆိုင်တွေဆို ခင်းရင် လမ်းပေါ်ထိကို ရောက်ကြတယ်။ လမ်းက ပလက်ဖောင်းပျောက်နေ တယ်။ အဲတော့ ဆိုင်ကိုလာတဲ့ကားတွေ၊ ဆိုင်ကယ်တွေက လမ်းပေါ်ကို တဖြည်းဖြည်းနဲ့ရောက်တယ်၊ အသွားအလာနည်းတဲ့အချိန်တော့ မသိသာဘူးပေါ့။ အသွားလာများလို့ ကျပ်ရင်တော့ သွားပြီပဲ”ဟု ဆို သည်။

မန္တလေးမြို့၏ အထင်ကရဈေးများဖြစ်သော ဈေးချို၊ တိုက်တန်း၊ မန်းမြန်မာပလာဇာ၊ ရတနာပုံဈေးတို့ တွင် ယာဉ်ရပ်နားစရာ ကားပါကင်သီးသန့်မရှိခြင်းကြောင့် ကျောင်းသွားကျောင်းပြန်နှင့် ရုံးတက် ရုံးဆင်း ချိန်များတွင် ယာဉ်ကြောပိတ်ခြင်း၊ လမ်းရှုပ်ခြင်းများ မကြာခဏဖြစ်လျက်ရှိသည်။

Mizzima

No comments:

Post a Comment