မွန်နှစ်ပါတီ ပေါင်းစည်းရေးတွင် မပါဝင်ဘဲ ကျန်ရှိခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်များ အနေဖြင့် ပါတီကို လုံးဝ မဖျက်သိမ်းပဲ ဆက်လက်ရပ်တည် သွားမည်ဟု ပါတီဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးဗညားအောင်မိုးက မဇ္ဈိမကို ပြောသည်။
“ပါတီပေါင်းစည်းရေးဆိုတာက ကောင်းပေမယ့် ဒီမိုကရေစီမှာ တစ်ပါတီစနစ်ထက် ပါတီစုံကို ပိုအားပေး ရမယ်။ ပါတီတစ်ခုဆိုတာတော့ အမြဲရပ်တည်နေတယ်ဆိုတာမရှိဘူး။ နိုင်ငံရေး အခြေအနေ ငြိမ်းချမ်းရေး အခြေအနေ၊ ဒီလိုအခြေအနေကြောင့် ဖျက်သိမ်းရတာတွေ လည်းရှိ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အခုပါတီကို လုံးဝ ဖျက်သိမ်းမှာမဟုတ်ဘူး ဆက်ပြီး ရပ်တည် သွားမှာပါ”ဟု ပြောသည်။
လက်ရှိတွင် မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်အမျိုးသားပါတီအမည်သစ်ဖြင့် မွန်ဒီမို ကရေစီ ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် နှစ်ပါတီအတွင်း ပေါင်းစည်းလို သူများ ပူးပေါင်းကာ ၂၀၁၄ မတ်လတွင် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်ဟု မွန်ဒီမိုကရေစီပါတီ အတွင်းရေးမှုး (၁) နိုင်စိုး မြင့် က ဆိုသည်။
ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် မွန်နှစ်ပါတီတို့သည် တစ်နှစ်ခွဲကျော်ကြာ စည်းဝေးညှိနှိုင်းမှု များကို ပြု လုပ်ခဲ့ပြီး နှစ်ပါတီပူးပေါင်းကာ ပါတီနာမည်ရွေးချယ်အပြီးတွင် ပေါင်းစည်းရေးမှာ ရာနှုန်းပြည့် အောင်မြင် မှုမရရှိခဲ့ပေ။ ထို့ကြောင့် နှစ်ပါတီအတွင်းမှ ပေါင်းစည်းလိုသူများသာ မွန်အမျိုးသား ပါတီ နာမည်အသစ် ဖြင့် ပါတီသစ်ထူထောင်ကာ နိုင်ငံရေးလမ်းကို ဆက် လက်လျှောက်လှမ်း မည် ဖြစ်သည်ဟု မွန်အမျိုးသား ပါတီ ပေါ်ပေါက်လာရေး ဆောင်ရွက်နေ သည့် ပေါင်းစည်းလိုသူ မွန်ဒီမိုကရေစီပါတီ အတွင်းရေးမှူးထံမှ သိရသည်။
“နှစ်ပါတီ ပူးပေါင်းလိုသူတွေကတော့ ပူးပေါင်းပြီး ဆက်လုပ်မယ်။ ဒါက လူထုနဲ့ သံဃာတွေရဲ့ တောင်း ဆိုချက်အရ ပေါင်းစည်းတာ။ မပေါင်းလိုသူတွေက သူတို့ဘာသာ ကြာလာရင် အင် အားလျော့ ပြီး ပါတီက အလိုလို ဖျက်သိမ်းသွားလိမ့်မယ်။ ဒီလိုအချိန်ကျမှ လာပေါင်းချင်လည်း ကျွန်တော်တို့က အမြဲဖွင့်ထားပါ တယ်”ဟု မွန်ဒီမိုကရေစီပါတီမှ ဗဟိုစည်းရုံးရေးဌာနမှူး နိုင်ပန်းအောင် က မဇ္ဈိမကို ပြောထားသည်။
လက်ရှိတွင် မှတ်ပုံတင်ပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း ၆၃ ခုထိရှိနေပြီး ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်ပါတီ များ သည် ပူးပေါင်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
Mizzima - News in Burmese
No comments:
Post a Comment