Tuesday, January 14, 2014

သမ္မတနှင့် KNU တွေ့စဉ် တင်ပြခဲ့သည့် လက်နက်ကိုင် နိုင်ကျဉ်းတစ်ဦး လွတ်မြောက်

သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ဇန်န၀ါရီ ၅ ရက်တွင်တွေ့ဆုံစဉ် KNU မှတင်ပြခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် နိုင်ကျဉ်းငါးဦးမှတစ် ဦးသည် ဇန်န၀ါရီ ၇ ရက်တွင် ပြန်လည်လွတ်မြောက် ခဲ့သည်ဟု KNU ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

“သမ္မတနဲ့တွေ့တဲ့အချိန်မှာ သမ္မတလက်ထဲကိုပေးလိုက်တော့ သမ္မတကနေတစ်ဆင့် ဦးစိုးသိန်းလက်ထဲ ကို ဒီဘက်ကပေးတဲ့ စာရင်းကို ထည့်ပေးလိုက်တယ်။ ကျွန်တော်တို့ဆီက ဖမ်းခံထားရသူတွေက မြန်မာ စကားတောင် ကောင်းကောင်းမပြောတတ်ဘူး။ ဒါကို အတင်းလက်မှတ်ထိုးခိုင်းပြီး အကျဉ်းချထား တာ တွေပါ” ဟု ပြောသည်။

လွတ်မြောက်လာသူတစ်ဦးသည် လက်ကျန်နိုင်ကျဉ်းကော်မတီမှ တင်ပြထားသည့် ၃၅ ဦးစာရင်းတွင် တစ်ဦးအပါအ၀င်ဖြစ်သည်ဟု ကော်မတီဝင် ဦးဘိုကြည်က ပြောသည်။

အဆိုပါ လွတ်မြောက်လာသူသည် စောအောင်တင်ဝင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရကာ သေ ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။ 

KNU နှင့် သမ္မတတို့ တွေ့ဆုံစဉ် တင်ပြခဲ့သူငါးဦးသည် စောအောင်တင်ဝင်းအပါအ၀င် ၂၀၀၆ ခုနှစ်တွင် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော စောရေဆေးမူးနှင့် စောဝါလေး၊ ၂၀၀၉ခုနှစ်တွင် ဖမ်းဆီးကာ ထောင်ဒဏ် ၃၀ နှစ်စီ ချမှတ်ခံရသူ စောမဲဒိုနှင့် စောရာကိုတို့ ဖြစ်သည်။

၎င်းတို့ကို အင်းစိန်နှင့် တောင်ငူအကျဉ်းထောင်များတွင် မတရားအသင်းဆက်သွယ်မှု၊ လူသတ်ရန်ကြံ စည်မှု၊ ဖောက်ခွဲမှု၊ မုဒိမ်းမှု စသဖြင့် နိုင်ငံရေးပုဒ်မများအပါအ၀င် ရာဇ၀တ်မှုများဖြင့် အကျဉ်းချထားခြင်း ဖြစ်ပြီး ကရင်ပြည်နယ်တွင်း ကျောက်ကြီးနှင့် ဖာပွန်တို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖဒိုမန်းငြိမ်းမောင် က ဆိုသည်။

သမ္မတနှင့်တွေဆုံချိန်အတွင်း KNU မှ တင်ပြခဲ့သည်ဟုဆိုသော လက်နက်ကိုင် အကျဉ်းသား များ ကိစ္စကို စိစစ်ရေးကော်မတီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး သမ္မတရုံးအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ မသိရှိရသေးဟု သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment