Tuesday, January 7, 2014

၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် ဖွဲ့စည်းမည်

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ပါတီအချို့နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းဖွဲ့စည်းမည့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) ကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရုံးချုပ်တွင် ဇန်နဝါရီလ ၇ ရက်နေ့တွင် အတည်ပြု ဖွဲ့စည်းမည်ဖြစ်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ဒီမိုကရေစီ အင်အားစုပါတီများ ပူးပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် သဘောဖြင့် မဟာမိတ် ဖွဲ့စည်းခြင်း ဖြစ်ပြီး မဟာမိတ်အဖွဲ့၏ လုပ်ငန်းစဉ် များကို ရွေးကောက် ပွဲကော်မရှင် နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

"ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ အစည်းအဝေးမှာ အချက်အလက်တွေ သဘောတူထားပြီးလို့ အတည်ပြု လက်မှတ် ထိုးပြီး မဟာမိတ်အဖွဲ့ ဖွဲ့မယ်။ သဘောထား ကြေညာချက်လည်း ထုတ်ပြန်သွားပါမယ်" ဟု ဦးခင်မောင်ဆွေက ဆိုသည်။

FDA ကို ဖွဲ့စည်းပြီးပါက သတ်မှတ် ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများ အလိုက် နိုင်ငံရေးလှုပ်ရှားမှု များနှင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဝင်ပါတီများက ပြောဆိုသည်။

နိုင်ငံရေး အင်အားစုသစ်တစ်ခု အဖြစ် ထပ်မံဖွဲ့စည်းမည့် FDA အဖွဲ့တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ် ပါတီတို့ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment