Tuesday, January 28, 2014

မြန်မာနိုင်ငံမှ အဖိုးတန်သစ်တော သယံဇာတများကို တရုတ်နိုင်ငံသားအချို့ပါဝင်သည့် သစ်ခိုးထုတ်သည့်အဖွဲ့များက တစ်ဖက်နိုင်ငံသို့ တရားမ၀င် သစ်ခိုးထုတ်တင်ပို့ ရောင်းချနေမှုများကို စီမံချက်ဖြင့် ဖမ်းဆီးနေ

တရုတ်-မြန်မာနယ်စပ် နယ်ကြားတစ်နေရာရှိ တရားမ၀င် သစ်လုံးတင်ယာဉ်တစ်စီးအား ၂၀၁၃ ခုနှစ် အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-အငယ်ထွေး)
မြန်မာနှင့် တရုတ်နိုင်ငံတို့ နယ်နမိတ်ထိစပ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အဖိုးတန် သစ်တောသယံဇာတများကို တရုတ်နိုင်ငံသားအချို့ပါဝင်သည့် သစ်ခိုးထုတ်သည့်အဖွဲ့များက တစ်ဖက်နိုင်ငံသို့ တရားမ၀င် သစ်ခိုးထုတ်တင်ပို့ရောင်းချနေမှုများကို စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံမှသစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီကာ တရားမ၀င် သစ်ခိုးထုတ်မှုများကို တရုတ်အစိုးရအနေဖြင့် တားဆီးပေးပါရန် တရုတ်နိုင်ငံတွင် ဒီဇင်ဘာလအတွင်းက ကျင်းပ ခဲ့သည့် ဆွေးနွေးပွဲများတွင် မြန်မာအစိုးရတာဝန်ရှိသူများက တရားဝင်တောင်းဆို မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားမ၀င်သစ်ခိုးထုတ်မှုများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိပြီး ယွမ်ငွေအတုများနှင့် ငွေပေးချေမှုများမှာ ရှမ်းပြည်နယ် နမ့်ခမ်းနယ်စပ်များတွင် ဖြစ်ပွားလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ စကားဝါ သစ်ရာ၊ အင်ကြင်းစသည့် သစ်တန်ချိန် စုစုပေါင်း ၃၂၄၃ ဒသမ ၂၈၆၃ တန်အား ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်နေ့အထိက ကျောက်မဲခရိုင်၊ ပြင်ဦးလွင်ခရိုင်တို့တွင် တရားမ၀င် သစ် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သစ်ရာ၊ အင်ကြင်း၊ သစ်လုံး၊ သစ်ခွဲသား၊ စုစုပေါင်း ၇၂၈ တန် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မန္တလေး-မူဆယ် ကားလမ်းတွင် တရားမ၀င်သစ်များအား စစ်ဆေးရာ ယာဉ်ငယ်အစီး ၇၀ ပေါ်တွင် တင်ဆောင်လာသော ပိတောက်၊ တမလန်း၊ သင်းဝင် ၁၂၅ ဒသမ ၁၂ တန်ကိုလည်းကောင်း၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နားဟန်ကျေးရွာအနီးတွင် ကျွန်း၊ ပိတောက်၊ တမလန်း၊ စကားဝါ စုစုပေါင်း ၉၂၈ တန်တို့ကို ဖမ်းဆီးရမိခဲ့သည်။

၂၀၁၄ ဇန်န၀ါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ကျောက်မဲခရိုင် မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ရိုးတစ်လျှောက်ရှိ နတ်ကုန်း။ ညောင်ပင်သာ၊ ပက်ပါ၊ အင်းလှော် ကျေးရွာများတွင် ပိတောက်နှင့် တမလန်းသစ်တန်ချိန် ၁၅၈၇ တန်အပြင် သစ်တင်ယာဉ် ၁၄ စီး၊ လက်ကိုင်လွှစက် ငါးလက်နှင့် သစ်ခွဲအင်ဂျင် နှစ်လုံးတို့ကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။   


Eleven

No comments:

Post a Comment