Friday, January 3, 2014

ရန်ကုန်နှစ်သစ်ကူးည ရဲတစ်ဦးကို အရပ်သားခြောက်ဦးက ၀ိုင်းဝန်းရိုက်နှက်

နှစ်သစ်ကူးညတွင် အသံချဲ့စက် ဆောင်းဘောက်များဖြင့် ကခုန်နေသူများက ဆူညံခြင်းမပြုလုပ်ရန် တားမြစ်သူ ရဲတပ်ကြပ်တစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်မှုတစ်ခု သန်လျင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ၄၅ မိနစ်က သန်လျင်မြို့နယ် မြို့ဟောင်း အလယ် ရပ်ကွက်၊ ကမ်းနားဈေးရှေ့တွင် ရပ်ကင်းတာဝန်ဆောင်ရွက်နေသော ရဲတပ်ကြပ် လွင်ဦးနှင့် ရဲတပ်ကြပ် သန့်ဇင်တို့ကို ဗိုလ်ချုပ်နေ၀င်းလမ်း၊ စိန်လရောင် စားသောက်ဆိုင်ရှေ့တွင် လူခြောက်ဦးတို့ က ဆောင်းဘောက်များဖွင့်၍ ပတ်ဝန်းကျင်လူများအား နားမခံနိုင်လောက်အောင် အော်ဟစ် ဆူညံနေ ကြောင်း တိုင်တန်းလာသည်။

ထို့ကြောင့် ရဲတပ်ကြပ် လွင်ဦးက ဆူညံနေမှုအား အကျိုးအကြောင်း ရှင်းပြပြောဆိုသည်ကို လက်မခံဘဲ အမည်မသိတစ်ဦးမှ သံတုတ်ဖြင့် နောက်မှဝင်ရိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျန်ငါးဦးမှလည်း ၀ိုင်းဝန်းချုပ်နှောင်ပြီး ထိုးကြိတ်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ထို့ကြောင့် ရဲတပ်ကြပ်လွင်ဦးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ယာ မျက်လုံးအောက် ပေါက်ပြဲဖူးရောင်၊ ယာလက်ခုံ ပေါက်ပြဲဖူးရောင်၊ ယာလက်ကောက်ဝတ် ပေါက်ပြဲဖူးရောင် ဒဏ်ရာများ ရရှိပြီး သန်လျင်မြို့နယ်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသနေရဆဲဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ ကျန်လေးဦးကို ဖမ်းဆီးဖို့ လုပ်နေပါတယ်။ သူတို့ကို ပြည်သူ့ဝန်ထမ်းအား တာဝန်ထမ်း ဆောင်နေစဉ်အတွင်း တာဝန်ဆောင်ရွက်လို့မရအောင် ၀ိုင်းဝန်းထိုးကြိတ် နှောင့်ယှက်ခဲ့မှုနဲ့ အရေးယူ သွားမှာ ဖြစ်ပါတယ်” ဟု သန်လျင် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဇန်န၀ါရီ ၂ ရက်တွင် မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်တွင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများမှာ ကိုနိုင် (၃၆)နှစ် ရေတိုင်ကီလုပ်ငန်း လုပ်ကိုင်သူပါ ခြောက် ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က စုံစမ်းအတည်ပြုထားပြီး လက်ရှိတွင် ပြစ်မှုကျူးလွန် သူများဟု ယူဆ ရသူများဖြစ်သည့် ကိုနိုင်နှင့် အညာသား(ခ) ဆန်းဝင်းတို့အား ရဲစခန်းအမှုအမှတ်စဉ် ၄/၂၀၁၄ဖြင့် အမှု ဖွင့် ဖမ်းဆီးစစ်ဆေးနေပြီး ကျန်လေးဦးကို ဖမ်းဆီးရန် ဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment