Wednesday, January 29, 2014

မြန်မာနယ်မြေအတွင်း အိန္ဒိယဘက်က ကျူးကျော် အဆောက် အအုံ များ ၀င်ရောက်ဆောက်လုပ်ထားဟုဆို


မြန်မာ-အိန္ဒိယ နယ်နိမိတ်ရှိ မတိုင်းတာရသေးသည့် နယ်နိမိတ် မှတ်တိုင်နှင့် တိုင်းတာပြီး နယ်နိမိတ် မှတ်တိုင် အချို့ကြောင့် မြန်မာနိုင်ငံပိုင်နယ်မြေ အတွင်းသို့ အိန္ဒိယဘက်မှ အဆောက်အအုံများ ကျူးကျော်ဆောက် လုပ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ဇန်န၀ါရီ ၂၈ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။


' မှတ်တိုင်မစိုက်ရသေးတဲ့ နေရာနဲ့ နယ်နိမိတ်တိုင်းတာပြီး နေရာတွေမှာ အိန္ဒိယဘက်က နယ်နိမိတ်ကို ကျူးကျော်ပြီး အဆောက်အအုံတွေ ဆောက်လုပ်နေလို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၆ ရက်မှာ မစိုက်ရသေးတဲ့ ပူးတွဲ နယ်နိမိတ်မှတ်တိုင် (၇၆) နှင့် (၇၈) ကို နှစ်ဖက်ပူးတွဲစစ်ဆေးခဲ့ ပါတယ်။ မြန်မာ ဘက်က တွေ့ရှိ ချက်အရ မှတ်တိုင်အမှတ် (၇၆) စိုက်ထူပြီးမှတ်တိုင် (၇၇)ကြား အိန္ဒိယနိုင်ငံ ဟိုလင်းဖိုင်ကျေးရွာ မှ နေအိမ်တချို့၊ ကစားကွင်း၊ ကားလမ်း အစိတ်အပိုင်း တချို့ဟာ မြန်မာဘက်က လက်ခံထားတဲ့မှတ်တိုင် ကိုသြဒီနိတ်အရ မြန်မာ နယ်မြေအတွင်း ကျရောက်နေပါတယ် ' ဟု ၎င်းကပြောဆိုခဲ့သည်။

မစိုက်ထူရသေးသော မှတ်တိုင် (၇၈) နှင့် စိုက်ထူပြီး မိုင်တိုင် (၇၉) အကြား အိန္ဒိယဘက် ကားလမ်း အချို့နှင့် ကစားကွင်း၊စုပေါင်းစစ်ဆေးရေး ဂိတ်ဆောက်လုပ်ရန် မြေညှိထားကြောင်း၊ လူနေအိမ်၊ ခြံဝင်း အချို့နှင့် တာဝါတိုင်သုံးတိုင်တို့သည်မြန်မာဘက်မှ လက်ခံထားသော မှတ်တိုင် ကိုသြဒီနိတ်အရ မြန်မာ ဘက်သို့ ကျော်လွန်နေသည်ကို တွေ့ရှိရကြောင်း၊ အိန္ဒိယဘက်မှ နှစ်နိုင်ငံအငြင်းပွားနေ သည့် နေရာ များတွင် ဆောက်လုပ်နေမှုများအား ရပ်ဆိုင်းပေးရန် မြန်မာနယ်မြေ အတွင်းသို့ ကျော်လွန်နေမှုများအား ဖယ်ရှားပေးရန်နှင့်နှစ်နိုင်ငံတိုင်းတာသတ်မှတ်ပြီး နယ်နိမိတ်မှ ၁၀ မီတာဇုန် အတွင်း အိန္ဒိယဘက် မှ မြန်မာပိုင်နယ်မြေအတွင်း ကျော်လွန် နေမှုများကို ဖယ်ရှားပေးရန် သံတမန်စာဖြင့် လည်းကောင်း၊ မြန် မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး ကန့်ကွက်ထားကြောင်း ဒုတိယ၀န်ကြီး က ပြောဆိုသည်။

' အငြင်းပွားနေသည့်ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်ပူးတွဲ စစ်ဆေးတွေ့ရှိ ချက်များကို နှစ်နိုင်ငံအကြား ဖွဲ စည်း ထားသည့် ပူးတွဲနယ်နိမိတ်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပဖြေရှင်းရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွား မှာဖြစ်ပါတယ် ' ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စံတော်ချိန်နေ့စဉ်သတင်းစာ

No comments:

Post a Comment