Friday, January 24, 2014

ပေတစ်ထောင်အကွာမှ အသုံးပြုနိုင်သော စနိုက်ပါမှန်ပြောင်း ၂၅၀ နှင့် စစ်သုံးပစ္စည်းများဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုင်းလားမြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင် လာသည့် ခြောက်ဘီး ကုန်တင် ယာဉ်တစ်စီးပေါ်တွင် ပေတစ်ထောင်အကွာမှ အသုံးပြုနိုင်သော စနိုက်ပါမှန်ပြောင်း ၂၅၀ နှင့် စစ်သုံးပစ္စည်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ဝင်းက ပြောကြားသည်။
ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က တာပင်း ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ယာဉ်အမှတ် ၈ဈ/၇၇၃၀ Nissan ခြောက်ဘီးယာဉ်ကို မူးယစ် အကောက်ခွန်နှင့် ပူးပေါင်း အဖွဲ့ဝင်များဖြင့် ရှာဖွေစစ်ဆေးရာ အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်းဖြစ်သော စက္ကူဖာများဖြင့် ထည့်ထားသည့် ဝက်သား စည်သွတ်ဘူး ၁၆၅၆ ဘူး၊ ကျည်အိမ်နှင့် ဗုံးသီးများထည့်ရန် အိတ်နှင့် သိုင်းကြိုးပါ အစိမ်းရောင် အီကွေးမန့် ၅၀၀ ခု၊ အလျား ၁၁ ဒသမ ၈ လက်မ၊ ပြောင်းဝအကျယ် ၁ ဒသမ ၅ လက်မခန့်ရှိ စနိုက်ပါ အဝေးကြည့်မှန်ပြောင်း ၂၅၀ ချောင်းနှင့် သေနတ်နှင့် အဝေးကြည့် မှန်ပြောင်း ဆက်စပ်ရာတွင် အသုံးပြုသော ပစ္စည်းများ ထည့်ထားသည့် ဘူးငယ် ၂၅၀ ဘူးကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျန်တဲ့ စစ်သုံးပစ္စည်းတွေဖြစ်တဲ့ ကျောပိုးအိတ် ၁၀၀၀ နဲ့ စစ်ဝတ်စုံ အင်္ကျီနဲ့ဘောင်းဘီ ဝမ်းဆက် ၃၀၀ ကတော့ အခြားကုန်ပစ္စည်းတွေနဲ့အတူ အခွန်ဆောင် ထားတယ်လို့ အကောက်ခွန်က ပြောတယ်။ ဒီပစ္စည်းအားလုံးကို တာချီလိတ် ပြောက်ကျားစတိုးကို ပို့ရမှာလို့တော့ ယာဉ်မောင်းက ထွက်ဆိုတယ်။ တာချီလိတ်မှာက ဘယ်သူမဆို ဒီလိုပစ္စည်းတွေကို ဝယ်ယူ အသုံးပြုကြတယ် ပြောတယ်။ စနိုက်ပါကတော့ ဘယ်လက်နက်မဆို တပ်ဆင်နိုင်ပြီး ကိုက် ၁၀၀၀ အတွင်း အသုံးပြုနိုင်တယ်။ မြန်မာနိုင်ငံမှာတော့ အသုံးမပြုဘူးလို့ ကကနက် (စစ်လက်နက်ပစ္စည်းတပ်) က အကြောင်းပြန်တယ်” ဟု ၎င်းကဆိုသည်။

ကျိုင်းတုံမြို့၌ စနိုက်ပါ မှန်ပြောင်း ၂၅၀ နှင့် စစ်သုံးပစ္စည်းများ ဖမ်းဆီးရမှု မဖြစ်ပွားခင် တစ်ရက်အကြာ က မှော်ဘီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အမှတ် (၅၀၁၀) တင့်ကားတပ်ရှိ ဌာနချုပ်တွင် လက်နက်တိုက် ဖောက်ထွင်းခံရမှုကြောင့် MA-13၊ M1 အမျိုးအစား သေနတ်နှစ်လက်၊ ခဲယမ်းသေတ္တာ အတွင်းမှ ကျည် ၉မမ ယမ်းအပြင်း ကျည်တောင့် ၅၀၀ နှင့် MA 13၊ ကျည်ကတ်ငါးခုတို့ ပျောက်ဆုံးခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ဧကရာဇ်ရပ်ကွက် ရန်ကုန်-ပဲခူးလမ်းမကြီးဘေးရှိ မြို့နယ် စည်ပင်သာ ယာရေး ကော်မတီရုံး အတွင်းရှိ ဝန်ထမ်းအိမ်ရာ လိုင်းခန်းတစ်ခုတွင် ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

MA-13၊ M1 အမျိုးအစား သေနတ်မှာ အဝေးပစ် ချေမှုန်းရေး သေနတ်ဖြစ်ပြီး ကျည်ဆန် အလိုအလျှောက် ထွက်သော သေနတ် အမျိုးအစား ဖြစ်ကြောင်း၊ ရှေ့တန်း တိုက်ပွဲများတွင်သာ အသုံးပြုသော လက်နက် များ ဖြစ်ကြောင်း၊ ၉ မမ ကျည်ဆန်မှာ အနီးကပ်ပစ်သော ပစ္စတို၊ စတင်းဂန်း အမျိုးအစား သေနတ်များတွင် အသုံးပြုသော ကျည်ဆန်များ ဖြစ်သည်ဟု တပ်မတော်တွင် ဗျူဟာမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သော ဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦးက ပြောကြားသည်။

စနိုက်ပါမှန်ပြောင်း ၂၅၀ နှင့် စစ်လက်နက်သုံးများ ဖမ်းမိခြင်း၊ လက်နက်တိုက် ဖောက်ထွင်း ခံရမှုနှင့် ပေါက်ကွဲမှု သတင်းများကြောင့် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စသော နိုင်ငံခေါင်းဆောင် များ၏ လုံခြုံရေး အခြေအနေနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာပါက လိုအပ်သော ပြင်ဆင်မှုများကို ဆောင်ရွက်ထားမှု ရှိရန် လိုအပ်ကြောင်း တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိ အကောက်ခွန်မဲ့ ပစ္စည်းများနှင့်အတူ ကားပေါ်တွင် လောင်းကစားရာတွင် အသုံးပြုသည့် ငါးမန်းဂိမ်း စက်ခုံတစ်လုံး၊ အမျိုးအမည်မသိ စက်ပစ္စည်းတစ်စုံနှင့် အခြားကုန်ပစ္စည်း များစွာမှာ အခွန်ထမ်းဆောင်ထားသည့် ပစ္စည်းများ စာရင်းတွင် ပါဝင်သဖြင့် ဖမ်းဆီးခြင်း မရှိကြောင်းနှင့် အခွန်ထမ်းဆောင်ခြင်း မရှိသည့် ပစ္စည်းများကိုသာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း မြို့နယ် အကောက်ခွန်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကောက်ခွန်မဲ့ ပစ္စည်းများကို သယ်ဆောင်လာသည့် ယာဉ်မောင်း စိုင်းဆမ်အွန်နှင့် ယာဉ်နောက် လိုက် အေးထွန်းတို့ကို (ပ) ၁၁/၂၀၁၄ ၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ (၂၀၁၂) အရ အမှုဖွင့် အရေးယူ ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment