Friday, January 17, 2014

တရုတ်အကူအညီဖြင့် ထောက်ကြန့်တွင် ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံ ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ခုတင် ၅၀၀ ဆံ့ အထူးကု ဆေးရုံသစ် မကြာမီတည်ဆောက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောကြားသည်။
အဆိုပါ အထူးကုဆေးရုံအပြင် ရန်ကုန်မြို့တွင်း နေရာများတွင် အထူးကု ဆေးရုံငယ်များကို ဖြန့်ကြက် ဖွင့်လှစ်သွားရန် စီစဉ် ထားသော် လည်း မည်သည့် နေ့ရက်တွင် ဖွင့်လှစ်နိုင်မည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ယနေ့ ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ ဒေါက် တာ မြတ်ဉာဏ်ဏစိုးက ရန်ကုန်တိုင်းရှိ ခရိုင် လေးခရိုင်တွင် အထူးကုဆေးရုံကြီးများ ဆောက်လုပ်ရန် အစီအစဉ်ရှိ မရှိ မေးမြန်း ရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုလုံးတွင် အထူးကု ဆေးရုံကြီးများ တည်ဆောက်ရန် အခက်အခဲ ရှိနေသော်လည်း သန်လျင် ပြည်သူ့ဆေးရုံကို ကုတင် ၁၅၀ ဆံ့မှ ၂၀၀ ဆံ့သို့ လည်းကောင်း၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့သို့ လည်းကောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကို ခုတင် ၃၀၀ ဆံ့မှ ခုတင် ၅၀၀ ဆံ့အဖြစ် လည်းကောင်း၊ ခုတင် ၃၀၀ ဆံ့ အင်းစိန်ဆေးရုံကို လည်းကောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ထောက်ကြန့်မြို့တွင် ခုတင် ၅၀၀ ဆံ့ဆေးရုံ ဆောက်လုပ်ရန် တရုတ်နိုင်ငံက ကူညီမည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ပြောဆိုသော်လည်း တရုတ်အစိုးရ ဘက်ကမူ အဆိုပါ ဆေးရုံ စီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး အရာရှိ Huo Wenjun က ပြောကြားသည်။

“ဆေးရုံဆောက်ဖို့အတွက် အဆိုကို မြန်မာအစိုးရဘက်က စတင်တောင်းဆိုခဲ့တာပါ။ အဲ့ဒီ တောင်းဆိုမှုအတွက် တရုတ် အစိုးရ ဘက်က အပြုသဘောဆောင်တဲ့ တုံ့ပြန့်မှုတစ်ခု ပြန်ပေးတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အသေးစိတ် အချက်အလက်တွေကို လွှတ်တော် မှာ ဆွေးနွေးဆဲအဆင့်ပဲ ရှိပါသေးတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် အသီးသီးတွင် ဆေးရုံသစ်များ ဆောက်လုပ် ထားသော်လည်း ကျွမ်းကျင် ဆရာဝန်များ လိုအပ်ချက် ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment