Monday, January 6, 2014

ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် နှစ်စဉ်သေဆုံးသူ လူဦးရေ ၁ ဒသမ ၂ သန်းရှိပြီး ဒဏ်ရာရရှိသူ၊ မသန်စွမ်းဖြစ်သူ သန်း ၅၀ ကျော်ရှိ

ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် နှစ်စဉ်သေဆုံးသူ လူဦးရေ ၁ ဒသမ ၂ သန်းရှိပြီး ဒဏ်ရာရရှိသူ၊ မသန်စွမ်းဖြစ်သူ သန်း ၅၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ၏ ပြောကြား ချက်အရ သိရသည်။

ဝန်ကြီးချုပ်မှ ဇန်န၀ါရီ ၅ ရက် သူနာပြုတက္ကသိုလ်တွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ယာဉ်တိုက် မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ယာဉ်တိုက်မှုကို အချိန်နှင့် တွက်ချက်ကြည့်လျှင် တစ်နေ့လျှင် လူ ၃၀၀၀ ကျော် သေဆုံးနေပြီး တစ်နာရီတိုင်းလျှင် လူ ၁၂၅ ယောက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။ ထိုကြောင့် ယာဉ်တိုက်မှုသည် ကမ္ဘာ့လူသေမှု အဆင့်တွင် အဆင့်ကိုးထိရှိနေပြီး ယခုအတိုင်းအတာအတိုင်း ဆက်သွားမည်ဆိုပါက သက္ကရာဇ် ၂၀၂၀ တွင် အဆင့်သုံးသို့ ရောက်ရှိသွားနိုင်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအနေနဲ့ ယာဉ်တိုက်မှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုးတွေဟာ ၂၀၁၃ ခုနှစ်မှာ ၉ ဘီလျံရှိခဲ့ပြီး GDP ရဲ့ သုံးရာခိုင်နှုန်း ရှိခဲ့တယ်။ ငါးနှစ်ကြာ ကာလဖြစ်တဲ့ ၂၀၀၈ ခုနှစ်မှာ ၁၅၇ ဒသမ ၄၁ ဘီလျံရှိပြီး GDP ရဲ့ ၀ ဒသမ ၅၄ ရာခိုင်နှုန်းထိ ရှိခဲ့အကြောင်းကို စာရင်းကောက်ယူရေးအဖွဲ့ရဲ့ တင်ပြချက်တွေအရ သိရတယ်။ အဲ့ဒီလို ယာဉ်တိုက်မှုတွေကြောင့် ဆုံးရှုံးရမှုဟာ ၀င်ငွေနည်းတဲ့ နိုင်ငံတွေ နိုင်ငံရဲ့တိုးတက်မှုကို ထိခိုက်လျက် ရှိနေတာကိုလည်း တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ယာဉ်တိုက်မှုစာရင်းကို ကြည့်မယ်ဆိုရင်လည်း ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများဟာ တစ်ပြည်လုံး အတိုင်းအတာရဲ့ ထက်ဝက်ခန့်ရှိကြောင်း လေ့လာသိရှိရပါတယ်” ဟု ဦးမြင့်ဆွေက ပြောကြား သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ယာဉ်တိုက်မှုကြောင့် မသန်စွမ်းဖြစ် သူ ၇၀ ဦးတို့ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။


Eleven

No comments:

Post a Comment