Saturday, January 4, 2014

ထိုင်းနိုင်ငံမှ ASI (GSM) ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည်

ထိုင်းနိုင်ငံအခြေစိုက် အကြီးမားဆုံး GSM မိုဘိုင်းလ်ဖုန်း အော်ပရေတာဖြစ်သည့် ASI (Advanced Info Service ) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် အဆိုပါ ကုမ္ပဏီမှ ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယင်းဝန်ဆောင်မှု အတွက် အကျိုး ခံစားနိုင်မည့် ဦးရေ နှစ်သိန်းမှ သုံးသိန်းအထိ ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန် ချက်အရ သိရသည်။

ဝန်ဆောင်မှုများကို ဇန်နဝါရီလ အလယ်ပိုင်းတွင် စတင်ပေးအပ် သွားမည် ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ဆင်းမ်ကတ် တစ်ခုမှ 50Mb အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ အခြေစိုက် True Move ဆက်သွယ်ရေး အော်ပရေတာ တစ်ခုသည်လည်း မြန်မာနိုင်ငံသို့ အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် ဝန်ဆောင်မှု ပေးအပ်ရန်အတွက် စီစဉ်နေ ကြောင်း ယင်းအော်ပရေတာ လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ASI ဆက်သွယ်ရေး ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ယနေ့အထိ ကမ္ဘာအနှံ့ သုံးစွဲသူ ၃၅ သန်းကျော် ရှိသည်။

၂၀၁၃ ခုနှစ် အတွင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အဖြစ် အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် (Roaming) ဝန်ဆောင်မှုကို စင်ကာပူအစိုးရပိုင် SingTel နှင့် စင်ကာပူနိုင်ငံ အခြေစိုက် StarHub ကုမ္ပဏီတို့က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် မြန်မာနိုင်ငံမှ ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် အတွက် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီ၏ အကူအညီဖြင့် ယခုနှစ် ဇန်နဝါရီ လအတွင်း ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment