Tuesday, January 14, 2014

ရန်ကုန်စက်မှုဇုန်များ လျှပ်စစ်မရ၍ လုပ်ငန်းလည်ပတ်ရေး အခက်ကြုံခြင်း ယခုနှစ်တွင်လည်း ဖြေရှင်းနိုင်ဖွယ်မရှိ

၂၀၁၃ ခုနှစ်တွင် ရန်ကုန်စက်မှုဇုန်များကြုံတွေ့ခဲ့ရသည့် လျှပ်စစ်မီးမလုံလောက်မှုပြဿနာအား ယခု ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းနိုင်ဖွယ်မရှိသေးဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် စီးပွားရေးလုပ် ငန်းရှင်များ က ဇန်န၀ါရီ ၁၃ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ပုဂ္ဂလိကကုမ္ပဏီများက လျှပ်စစ်မီးပေးဝေရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ အောင်မြင် မှု မရှိ သေးခြင်းနှင့် ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း မိုးရေရရှိမှုနည်းပါးခြင်း တို့ကြောင့် စက်မှုဇုန်များအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လုပ်ငန်းလည်ပတ်ရေး အခက်အခဲကြုံတွေ့မှုကို ယခင်နှစ်များကဲ့သို့ပင် ဆက်လက်ခံစားရဖွယ်ရှိနေသည်ဟု ယင်းတို့ကဆိုသည်။

လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က“မိုးတွင်းတုန်းက မိုးရေချိန်က နည်းတော့ ဒီနှစ်မှာ မီးပိုပေးနိုင်ဖို့မရှိဘူး။ စက်မှုဇုန်တွေမှာ ပုဂ္ဂလိက လုပ်ငန်းတွေက မီးပေးဖို့ဆိုတာက လဲ ဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့် ဈေးနှုန်းသတ်မှတ်တဲ့အခါ လုပ်ငန်းရှင်တွေနဲ့ ညှိလို့မရတာကြောင့် မလုပ်ဖြစ်သေးဘူး။ ဒီပြဿနာ (လျှပ်စစ်မီး အပြည့်အ၀မရရှိခြင်း) က ဒီနှစ်မှာလည်း အခြေအနေ နည်း နည်းလေးတောင် တိုးတက်လာဖို့ မရှိနိုင်ဘူး” ဟု ပြောသည်။ 

၂၀၁၃ ခုနှစ်လယ်ပိုင်းနှင့် နှစ်ကုန်ပိုင်းကာလများတွင်လည်း ၂၄ နာရီပတ်လုံးအထိ လျှပ်စစ်မီး ပြတ် တောက်မှုများကြောင့် ရေထွက်ကုန်ထုတ် အအေးခန်းစက်ရုံများ၊ စက်မှုကုန်ထုတ် လုပ်ငန်းများ၊ ရေခဲ စက် လုပ်ငန်းလုပ်ငန်းများနှင့် ဖန်ရည်ကျိုလုပ်ငန်းအချို့မှာ လည်ပတ်မှု ရပ်ဆိုင်းခဲ့ရသည်အထိ အခက် အခဲများကိုကြုံတွေ့ခဲ့ရသည်။ 

ထို့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါအချက်များနှင့် အခွန်သက်သာခွင့်ကဲ့သို့ အားသာချက် အခွင့် အရေးများဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်နေသော်လည်း အလုံးအရင်းဖြင့်ဝင်ရောက်လာမှု မရှိခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်မှာ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးမပြည့်စုံခြင်းက အဓိကအကြောင်းအရင်းအဖြစ် ပါဝင်နေခြင်းဖြစ်နေ သည်ဟု လုပ်ငန်းရှင်များကဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “အခုထိ လျှပ်စစ်မီးရရှိနိုင်တဲ့ အနေအထား တွေ ပြင်ဆင်နေတာတွေ မမြင်ရသေးဘူး။ နိုင်ငံတကာရဲ့ ကူညီမှုပေးနေ တာတွေကြောင့် ရေရှည် အတွက်က ဖြစ်လာနိုင်တာရှိနေပေမယ့် ရေတိုစီမံမှုတွေ ဘာမှမတွေ့ရသေး ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေဝင်တာနည်းတယ်ဆိုတဲ့ အကြောင်းတွေ ထဲမှာ အဲဒီအချက်က အဓိကပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးဆောင် ရွက်နိုင်ရန် ငွေကြေးနှင့် နည်းပညာအကူအညီများစွာ ပံ့ပိုးမှုများ ရှိနေသော်လည်း လတ်တလောအားဖြင့် အကောင်အထည်ပေါ်ဖွယ်မရှိသေးဘဲ ရေရှည်ဆောင်ရွက်ရမည့် စီမံကိန်းများဖြစ်ကြောင်း နိုင်ငံတော် သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက မဇ္ဈိမသို့ မကြာမီရက်ပိုင်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်မတီအနေဖြင့် ပြည်တွင်းပြည်ပကုမ္ပဏီ များအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဖိတ်ခေါ် ထားသော်လည်း ရောင်းချ မည့်နှုန်းထားအား ညှိနှိုင်း၍မအောင်မြင်သေးသဖြင့် အကောင် အထည်ဖော်နိုင်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၄ ဖေဖော်ဝါရီ တွင် လာရောက်ဆွေးနွေးမည်ဟု ယင်းနိုင်ငံ၏စီးပွားရေးဝန်ကြီးက ဒီဇင်ဘာလ အတွင်း ပြောကြားခဲ့သည့် အပြင် အခြားသောနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိ သည်ဟု နိုင်ငံတကာသတင်းအချို့တွင် မကြာခဏ ဖော်ပြလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment