Wednesday, January 22, 2014

သီးနှံရောင်းချငွေမပေးက အတိုက်အခံနှင့် ပူးပေါင်းမည်ဟု တောင်သူများ ထိုင်းအစိုးရကိုခြိမ်းခြောက်

မိမိတို့၏ သီးနှံရောင်းချငွေများကို အချိန်မီမပေးပါက အစိုးရကိုဖြုတ်ချရန် ကြိုးစားနေသော အတိုက်အခံ များနှင့် ပူးပေါင်းတော့မည်ဟု ထိုင်းနိုင်ငံစပါးတောင်သူ အချို့ကခြိမ်းခြောက် လိုက်ကြောင်း ဇန်န၀ါရီ ၂၁ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုသို့ ခြိမ်းခြောက်လိုက်ခြင်းသည် ကျေးလက်နေပြည်သူများ၏ မဲဆန္ဒအပေါ် အထူးအားထား ခဲ့ရသော ၀န်ကြီးချုပ်ယင်လပ် အတွက် အပူတိုးစေသောကိစ္စတစ်ခုဖြစ်သည်။

တတိယလသို့ ၀င်ရောက်လာပြီဖြစ်သော အစိုးရဆန့်ကျင်ဆန္ဒပြပွဲများကြောင့် မြို့တော်နေရာ အချို့ ပိတ် ဆို့ခံခဲ့ရပြီး ထိုင်းနိုင်ငံ၏ရှစ်နှစ်ကြာ နိုင်ငံရေးပဋိပက္ခမှာလည်း မကြာမကြာ ဖြစ်ပေါ် တတ်သော အကြမ်း ဖက်မှုများကို ရင်ဆိုင်ခဲ့ရသည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံတွင် တိုယိုတာမော်တော်ယာဉ် လုပ်ငန်းပိုင်ရှင် အုပ်စုတစ်စုကလည်း မငြိမ်သက်မှုများ ဆက်လက် ဖြစ်ပွားနေပါက ရည်မှန်းထားသော ဒေါ်လာ သန်း ၆၀၀ ဖိုး ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ပြန်လည် သုံးသပ်ပြီး ထုတ်လုပ်မှု ကိုပါ လျှော့ချရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထွက်ရှိသောစပါးများကို ဈေးကွက်တန်ဖိုးထက်ပိုပေးပြီး ၀ယ်ယူမည့် အစီအစဉ်သည် အစိုးရ၏ အဓိက ကျသော အစီအစဉ်တစ်ခုဖြစ်သော်လည်း အစိုးရဘဏ္ဍာရေးအခြေအနေ ယိုယွင်း လာသောကြောင့် လယ်သမားအချို့မှာ စပါးဖိုးရရန် လေးလမျှစောင့်ဆိုင်းခဲ့ရသည်ဟု ညည်း ညူနေကြ သည်။

စူဖန်ဘူရီခရိုင် အလယ်ပိုင်းရှိ လယ်သမားအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ပရောမ်ဘွမ်း မချူးဝေ့က အင်္ဂါနေ့တွင် လယ်သမားကိုယ်စားလှယ်အချို့ကို ရှေ့နေများနှင့် တွေ့ဆုံဆွေးနွေး ရန် စေလွှတ်မည်ဟု ဆိုသည်။ လျော်ကြေးမရရှိပါက လယ်သမားထောင်နှင့်ချီပြီး အစိုးရ ဆန့်ကျင်သည့်အဖွဲ့နှင့် ပူးပေါင်းရန်ရှိ သည်ဟု သူကဆိုသည်။

“ထိုင်းအမျိုးသား ရှေ့နေကောင်စီသည် မိမိတို့၏ အတိုင်ပင်ခံများဖြစ်ကြောင်း၊ သူတို့၏ အကူအညီဖြင့် အစိုးရကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပရောမ်က ပြောကြားခဲ့သည်။ စပါးဖိုးမပေးနိုင်ပါက စပါးများ ကို ပြန်လည်ရရှိလိုကြောင်း။ သို့မှသာ ဈေးဘယ်လောက် နည်းနည်း အခြားသို့ ရောင်းနိုင်မည်ဖြစ် ကြောင်း သူကဆိုသည်။

ဘန်ကောက်တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ လူလတ်တန်းစားနှင့် ဘုရင်ကို သစ္စာစောင့်သိ သူများက တစ်ဖက်၊ ၀န်ကြီးချုပ်ယင်လပ်နှင့် သူမအစ်ကိုသက်ဆင်ကို ထောက်ခံနေသည့် ဆင်းရဲသားအများစု ပါဝင်သည့်အုပ်စုကတစ်ဖက် ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်သည်။ သက်ဆင်မှာ ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းယူခဲ့စဉ်က ဖြုတ်ချခံရသော ၀န်ကြီးချုပ်ဟောင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment