Tuesday, January 7, 2014

ရှမ်း၂၁ ဦးကို ကေအိုင်အေ ဖမ်းဆီးထားဆဲဟု ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မန်စီမြို့နယ်အတွင်း နေထိုင်သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက တည်းက ဖမ်းဆီးထားသည့် ရှမ်းလူမျိုး ၂၁ ဦးကို ပြန်လည်လွှတ်ပေးခြင်း မရှိသေးဟု ရှမ်းမျိုးနွယ်စုရေး ရာအဖွဲ့ (ကချင်ပြည်နယ်) ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဒီဇင်ဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကေအိုင်အေနဲ့ တွေ့ပြီးတော့မှ အခု ဖမ်းဆီးထားတာတွေရယ် ကချင်ပြည်နယ်တွင်းမှာ ဒီလိုဆောင်ရွက် နေမှုတွေအတွက် တွေ့ပြီးတော့ ဆွေးနွေးချင်လို့ အခု ဦးအောင်မင်း ဆီကို မေးလ်က တစ်ဆင့် ဒီဇင်ဘာ ၃၀ မှာ စာပို့ထားတယ် ဘာအကြောင်းမှတော့ မထူးသေးဘူး”ဟု ဦးစိုင်းထိန်းလင်းက ပြောသည်။

ကေအိုင်အေ ငြိမ်းချမ်းမှုဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာကမူ မည်သူတစ်ဦး တစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်းမရှိဘဲ ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီ နောက်ဆုံး ထား ပြန်လွှတ် ပေးပြီးဖြစ်သည်ဟု မဇ္ဈိမကို ငြင်းဆိုပြောကြားသည်။ “သူတို့ပြောတဲ့ ဖမ်းထားတယ်ဆိုတဲ့ သူတွေကို ဒီဇင် ဘာ၂၁ ရက် ညနေ ၃ နာရီမှာ အကုန်လုံးကို လွှတ်ပေးပြီးသွားပြီ သူတို့တွေ ကေအိုင်အေနဲ့တွေ့ ဖို့အ တွက်ကိုလည်း ကျွန်တော်တို့က ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ သူတို့ဘက်က လာပြီး ညှိနှိုင်းတာလည်း မရှိဘူး”ဟု ၎င်းက ဆိုသည်။

၎င်းတို့လွတ်မြောက်ရေး ကေအိုင်အေနှင့် တိုက်ရိုက်ဆွေးနွေးနိုင်ရန် စီစဉ်နေသည်ဟု ရှမ်းမျိုးနွယ်ရေးရာ အဖွဲ့(ကချင်ပြည်နယ်) ဒုတိယခေါင်းဆောင် ဦးစိုင်းဆန်းဝေက ထပ်မံ အတည်ပြုခဲ့ပြီး ပြောသည်။ မန်စီ မြို့နယ်အတွင်းရှိ မံဖွရွာမှ ၁၇ ဦး၊ မိုင်းနားရွာမှ တစ်ဦးနှင့် ၀ိုင်းမော်မြို့ရှိ ဆဒုံးကျေးရွာမှ သုံးဦးတို့ ဖမ်းဆီး ခံထားရဆဲဖြစ်သည်ဟု ရှမ်းမျိုးနွယ်ရေးရာအဖွဲ့ (ကချင်ပြည်နယ်)၏ စာရင်းများက ဆိုသည်။

ကချင်ပြည်နယ်၊ မန်ဝိုင်းကြီးအနီးဝန်းကျင်ရှိ ရွာပေါင်း ၁၄ ရွာမှ ရှမ်းမျိုးနွယ်ဝင် ရှမ်းနီ၊ တိုင်လေ၊ တိုင် မောင်ရှမ်းတို့နှင့် ဗမာလူမျိုးစုစုပေါင်း ၆၀ ခန့်ကို ကေအိုင်အေက ဒီဇင်ဘာလအစပိုင်းအတွင်းက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါစာရင်းတွင် ဖော်ပြထားသည်။ ယင်းကို တိုင်းလိုင်ရှမ်းနီပါတီကလည်း ဒီဇင် ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ၁၄ ရွာမှ တစ်ရွာလျှင် တစ်ဦးကျစီ တပ်သားသစ် အဖြစ် ပေးအပ်ရန် ကေအိုင်အေက တောင်းခံထားသဖြင့် ကျေးရွာသား လူငယ်အများအပြား ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း ဖော်ပြထားသည်။
 
Mizzima

No comments:

Post a Comment