Tuesday, January 7, 2014

AIDS ဆိုတာဘာလဲ သင်သေချာ မသိသေးရင် ဗဟုသုတ အနေနဲ့ ဖတ်ကြည့်ပေးပါ


“ဂလင်း” အကျိတ်တွေ ကြီးနေတဲ့ လူတစ်ယောက်ဆီက လင့်ဂလင်း တစ်ခုကို ဖြတ်ထုတ်ပြီး ဗိုင်းရပ်စ် မွေးကြည့်တော့ ဗိုင်းရပ်စ် တစ်မျိုး ပေါက်လာတယ်။ အဲဒီ ဗိုင်းရပ်စ်ကို (L. A. V Lymph adenopathy associated virus) “ဂလင်းကြီးခြင်းနဲ့ ယှဉ်တွဲနေတဲ့ ဗိုင်းရပ်စ်” လို့ ယာယီ ခေါ်ထားတယ်။ ဒီဗိုင်းရပ်စ်ဟာ reto - virus အုပ်စုထဲက အုပ်စုခွဲ ဖြစ်တဲ့ Lenti - virus ဖြစ်တယ်။ Lenti - virus တွေဟာ Slow virus “အနှေး ဗိုင်းရပ်” တွေ ဖြစ်တယ်။ Dr. Montagnier ကတော့ ဒီဗိုင်းရပ်စ်ဟာ AIDS လို့ ယုံကြည်နေတယ်။ ဒီတော့ သူက AIDS ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် အသစ်ကို တွေ့ပြီး L. A. V လို့ ခေါ်ထားတယ်။ 
AIDS ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ Dr. Robert Gallo တို့ထင်တဲ့ HTLV မဟုတ်လို့ ကြေညာလိုက်တယ်။ အဲဒီ အချိန်ကတော့ ၁၉၈၃ ခု၊ ဇွန်လ ဖြစ်တယ်။ ဒီရက်ကတော့ AIDS ရောဂါ အတွက် သိပ္ပံပညာ စုးစမ်း ကြိုးပမ်းချက် သမိုင်းမှာ မှတ်တမ်းတင် ရမယ့် အရေးကြီးတဲ့ ရက်ပဲ။ ဘာကြောင့်လဲ ဆိုတော့ အစက အစရှာမရတဲ့ ပဟေဠိလို ဖြစ်နေတဲ့ AIDS ကြောင်းအင်အစစ်ကို ဖော်ထုတ်နိုင်လို့ပဲ။ ဒီလောက် စောစော စီးစီး အဖြေ ထွက်မယ်လို့လည်း အစက သိပ်ပြီး တွက်လို့ မရကြဘူး။ 
၁၉၈၃ ခု၊ သြဂုတ်လ အမေရိကန်ပြည် Cold Spring Harbour မှာလုပ်တဲ့ AIDS သိပ္ပံပညာရှင်များ ညီလာခံမှာတော့ Dr. Gallo တို့က ပြင်သစ်တို့ရဲ့ တွေ့ရှိချက်ကို သိပ်ပြိး အမှုမလုပ်ပဲ အရေးမပါသလို သဘောထားပုံ ရတယ်။ သူတို့ရဲ့ HTLV ကိုပဲ အသားပေးနေကြတယ်။ ၁၉၈၄ ခု၊ မတ်လမှာတော့ Gallo တို့ရဲ့ N. C. I အုပ်စုက HTLV နောက်တမျိုးကို တွေ့လာတယ်။ အဲဒါကို HTLV iii လို့ အမည်မှည့်ထား တယ်။ ဒီ HTLV iii ကို Antibody test နဲ့ စမ်းကြည့်လိုက်တော့ ပြင်သစ်တွေ တစ်နှစ်အရင်က တွေ့ထားတဲ့ L. A. V နဲ့ အတူတူ ဖြစ်နေတာ တွေ့ရတယ်။ 
၁၉၈၄ ခုနှစ်မှာပဲ အမေရိကန်ရှိ C. D. C ဌာနကလည်း L. A. V လို့ ပြင်သစ်တွေ ခေါ်ထားတဲ့ ဗိုင်းရပ်စ်ကို သွေးသွင်းလို့ AIDS ဖြစ်နေတဲ့ LosAngeles မြို့က သူနာပြု ဆရာမ တစ်ယောက်ရဲ့ သွေးကနေ မွေးထုတ်ယူလို့ ရပြန်တယ်။ ဒီတော့ L. A. V ဟာ AIDS ဗိုင်းရပ်စ်ဆိုတာ ထပ်ပြီး သေချာသွားတာပေါ့။ နောက်တစ်ခါ ဒီဆရာမ သွေးသွင်းဖို့အတွက် သွေးကိုလှူတဲ့ သွေးလှူရှင်ကို စစ်ကြည့်တော့ သူ့ဆီကလည်း L. A. V ကို ထပ်တွေ့ပြန်တယ်။ ဒါကြောင့် အဖြေ စစ်စစ်ပေါ်ပြီလို့ ကေက်ချက်ချလာ ကြတယ်။ 
ဒါပေမယ့် ဒီ AIDS ရောဂါ ဗိုင်းရပ်စ်ကို ပြင်သစ်က အရင်တွေ့တာလား အမေရိကန်က အရင်တွေ့တာ လား ဆိုတဲ့ ပြဿနာကတော့ အငြင်းပွားလို့ မပြတ်သေးဘူး။ ဒီ တအုံအုံနွေးနွေး ကိစ္စကို ပိုပြီး ရှုပ်ထွေး လာစေတာ ကတော့ သတင်းစာတွေထဲ အမှတ်မထင် မမျှော်လင့်ပဲ ပါလာတဲ့ သတင်းတွေကြောင့်ပဲ။ ပထမ သတင်းစာ တစ်စောင်က ပြင်သစ်တွေက AIDS ဗိုင်းရပ်စ်ကို တွေ့ထားပြီလို့ ဆိုနေတယ်။ နောက် "New Scientist" ဆိုတဲ့ မဂ္ဂဇင်းထဲမှ Gallo တို့ရဲ့ HTLV iii ဟာ AIDS ဗိုင်းရပ်စ် ဖြစ်တယ် ဆိုတဲ့သတင်း ပါလာ ပြန်တယ်။ 
ဒါဟာ သိပ္ပံပညာရှင် ကာယကံရှင်တွေ ကိုယ်တိုင်က တရားဝင် မကြေညာခင် ကတည်းက ရေးနေကြတာ ဖြစ်တယ်။ ဒီဖြစ်ရပ်တွေကို ဆန်းစစ်ကြည့်ရင် တွေ့ရမှာကတော့ Media လို့ ခေါ်တဲ့ သတင်းဖြန့်ချိရေး လောကက သတင်းကို သူဦးငါဦး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတော့ ပုံမှန် ထားသင့်ထားထိုက်တဲ့ စည်းစောင့်မှု တွေ လျော့ရဲလာတဲ့ သဘောပါပဲ။ သိပ္ပံပညာရှင်တို့ ဆိုတာက ဘာမဆို တိကျသေချာစွာ သိပြီး ခိုင်လုံမှုရှိမှ သာ တရားဝင် ကြေညာ ကြရတာမျိုးပါ။ ဒါပေမယ့် ဒီလို လူတွေက စိတ်ဝင်စားနေတဲ့ ဘာသာရပ်တစ်ခုရဲ့ သတင်းကို သိပြီး ဆာလောင်မွတ်သိပ်နေတဲ့ အခါဆိုတော့ ဘယ်သတင်းအစအန အရိပ်အယောင်ကလေးပဲ ရရ၊ သတင်းစာ ဆရာတွေက အတင်းလိုက်ပြီး မရ အရ ရေးကြတော့တာပဲ။ 
၁၉၈၄ ခု၊ ဧပြီလမှာတော့ အမေရိကန် ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် မာဂရက်ဟက်ကလာက “ဒီနေ့ဟာ ကျွန်မတို့ရဲ့ ဆေးသိပ္ပံပညာပိုင်းရဲ့ ရှည်လျားတဲ့ အောင်မြင်မှု စာရင်းထဲ နောက်ထပ်တကယ်ပဲ အံ့သြဖွယ်ကောင်းတဲ့ အောင်မြင်မှု ဖြစ်ရပ်တစ်ခုကို ထပ်မံထည့်ရမယ့် ထူးမြတ်တဲ့နေ့ပဲ AIDS ဗိုင်းရပ်စ်ကို အမေရိကက တွေ့ထားပြီ” လို့ မိန့်ခွန်းတစ်ခုမှာ ပြေလိုက်တယ်။ ဒီတော့ တစ်နှစ်လောက် တုန်းကတည်းက ဗိုင်းရပ်စ်ကို တွေ့ထားတဲ့ ပြင်သစ်တွေက အလွန်တရာမှ မခံချင်ဖြစ်ပြီး အချင်းများကြဖို့ ဖြစ်လာတော့ တာပဲ။ 
ဒီအရာမှာ အောင်မြင်မှုကို ဘယ်သူ အရင် ဆွတ်ခူးခဲ့တယ်၊ ဘယ်သူသာလျှင် အသိအမှတ်ပြုခြင်း (credit) ခံရထိုက်တယ်ဆိုတဲ့ အရေးပေါ့။ နောက်တော့ ၁၉၈၄ ခုနှစ်ထဲမှာပဲ Dr. Robert Gallo က ပြင်သစ်တွေက AIDS ဗိုင်းရပ်စ်ကို အရင်တွေ့ပါတယ်ဆိုတာကို ဝန်ခံတယ်လို့ ပြောပါတယ်။ 
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် 
BY HIM

No comments:

Post a Comment