Wednesday, January 29, 2014

၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအား ၀န်ကြီးဌာနလေးခုက ကျပ်သန်းပေါင်း ၂၅၈၄၀ ကျော် သုံးစွဲခဲ့

၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအား ၀န်ကြီးဌာနလေးခု၏ သုံးစွဲမှုမှာ ကျပ်သန်းပေါင်း ၂၅၈၄၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါသုံးစွဲခဲ့သည့် ရန်ပုံငွေများသည် ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးနှင့် အခြားဘေးအန္တရာယ် ကျရောက်မှုတို့ကြောင့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲခဲ့ရသည့် ရန်ပုံငွေအား သုံးစွဲရခြင်းဖြစ်ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်စဉ် သဘာဝဘေး အန္တရာယ် ကျရောက်မှုများတွင် ပျက်စီးခဲ့သည့် ဆည်မြောင်းလေးခုအတွက် ကျပ်သန်းပေါင်း ၇၃၁ ဒသမ ၂၀၀၊ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များတွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် လယ် ၇၄၄ ဧက၊ ယာ ၂၇၆၉ ဧက၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေး ထိခိုက်မှုရှိသည့် မိုးစပါးလယ် ၂၆၆၅ ဧက ထောက်ပံ့မှုများအတွက် ကျပ်သန်းပေါင်း ၂၂၈ ဒသမ ၉၅၀၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး များရှိ ရေပေးမြောင်း၊ ချောင်းကော၊ မြောင်းကော၊ လယ်မြေပျက်စီးမှုများအတွက် ကျပ်သန်းပေါင်း ၆၃၂၇ ဒသမ ၂၆၀ သုံးစွဲခဲ့ကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနအနေဖြင့် မကွေး တိုင်းဒေသကြီး ရေစကြိုမြို့ နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့မှုအတွက် ကျပ်သန်းပေါင်း ၁၅၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် မွေးမြူရေးနှင့်ငါးလုပ်ငန်း ကဏ္ဍအတွက် ကျပ်သန်းပေါင်း ၅၀၀၀ သုံးစွဲခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနသည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကမ်းပါးပြိုကျမှုများအတွက် ကျပ်သန်းပေါင်း ၁၀၇၁၄ ဒသမ ၅၀၉ သုံးစွဲခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နေပြည်တော်လေဆိပ် အ၀င်လမ်း၏ အ၀ိုင်းပတ် လမ်းထောင့်ချိုးဖြစ်နေ၍ အသစ်ပြန်တည်ဆောက်ခြင်းနှင့် လေဆိပ်အ၀င်လမ်းခင်းခြင်းအတွက် ကျပ်သန်းပေါင်း ၂၂၆၂ ဒသမ ၀၅၀ သုံးစွဲခဲ့ကြောင်း၊ ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ချောင်းကူးတံတားအတွက် ကျပ်သန်းပေါင်း ၆၂ ဒသမ ၅၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် မော်လိုက်ခရိုင်များတွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် တံတားခုနစ်စင်းအတွက် ကျပ်သန်းပေါင်း ၄၉၈ ဒသမ ၆၂၀ သုံးစွဲခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက ပေးပို့လာသည့် သီးသန့်ရန်ပုံငွေမှ သုံးစွဲမှုများနှင့် ပတ်သက်သည့် သ၀ဏ်လွှာပါ အကြောင်းအရာများအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment