Thursday, January 16, 2014

KIAဖမ်းသည်ဆိုသောရှမ်းအားလုံးလွတ်မြောက်ရေး နိုင်ငံတကာသံတမန်များသို့ အကူအညီတောင်းမည်

ကချင်ပြည်နယ်အတွင်း KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)မှ ဖမ်းဆီးထားသည် ဆိုသော ရှမ်းလူမျိုး အားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာသံတမန်များသို့ အကူအညီတောင်းခံ သွား မည်ဖြစ်သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) ဒုခေါင်းဆော င် ဦးစိုင်းဆန်းဝေက မဇ္ဈိမကိုပြော သည်။
“သူတို့လွတ်ဖို့အတွက် ကျွန်တော်တို့ ကေအိုင်အေနဲ့ တွေ့ဆုံခွင့်တောင်းတာ မတွေ့ရသေးလို့ ဖမ်းထားတဲ့ ရှမ်းတွေလွှတ်ပေးဖို့အတွက် အမေရိကန်၊ တရုတ်၊ ထိုင်းသံတမန်တွေကတဆင့် အကူအညီတောင်းမှာ။ ဒါပေမယ့် မြစ်ကြီးနားမှာရှိတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (Peace-talk Creating Group- PCG) ကိုတော့ သွားမတွေ့ဖြစ်ဘူး” ဟုပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသော ရှမ်းမျိုးနွယ်များအရေးအတွက် KIA နှင့် ရှမ်းရေးရာအဖွဲ့တို့ တိုက် ရိုက် တွေ့ဆုံမှုများ ပြုလုပ်ရန်အတွက် မြန်မာငြိမ်းချမ်းရေးစင်တာသို့ အကြောင်းကြားထားသော်လည်း မိမိ တို့ အားပြန်လည်ဆက်သွယ်လာခြင်းမရှိသဖြင့် သံတမန်များထံ အကူအညီတောင်းရန်အတွက် ဆုံးဖြတ် ထားခြင်းဖြစ် သည်ဟု ၄င်းကပြောခြင်းဖြစ်သည်။

သံတမန်များထံသို့ အကူအညီတောင်းခံမှုတွင် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များနှင့် အတူ ရှမ်းရေးရာအဖွဲ့ (ကချင်ပြည်နယ်) က ဦးဆောင်ကာ ဇန်နဝါရီလနောက်ဆုံးအပတ် အတွင်း ဆောင်ရွက်ရန် ရည်မှန်းထားခြင်းဖြစ်သည်။

လက်ရှိတွင် မန်စီ မြို့နယ်အတွင်းရှိ မံဖွရွာမှ ဖမ်းဆီးထားသော ရှမ်းနီ ၂၂ ဦးထဲမှ ၄ ဦးသာ ပြန်ရောက်လာ သည် ဟု ဦးစိုင်းဆန်းဝေ၏ ပြောဆိုချက်အရ သိရသည်။ လက်ရှိတွင် KIA ဘက်မှ ဖမ်းဆီးထားသည် ဆိုသော စာရင်းများကို ကချင်ပြည်နယ် မြို့နယ်များတွင် လိုက်လံကောက်ယူနေကာ ဖမ်းဆီးထားသူ မည်မျှကျန်ရှိနေသေးသည်ကိုတော့ မိမိအနေဖြင့် မသိရှိသေးဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးထားသည်ဆိုသော ရှမ်းများအားလုံးကို လွှတ်ပေးပြီးဖြစ် သည့်အတွက် ကျန်ရှိနေသေးသည်ဆိုသည်မှာ နိုင်ငံရေးကစားကွက်တစ်ခု အဖြစ်သာ မြင်သည်ဟု KIA ဘက်မှ ပြန်လည် တုံ့ပြန်ပြောဆိုသည်။

ငြိမ်းချမ်းရေးနည်းပညာအကြံပေးအဖွဲ့ (KIO) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက “ကျွန်တော်တို့ဖက်က အမြဲတမ်းဖွင့်ထားတယ်။ ဒါပေမယ့်တစ်ခါမှ လာတွေ့ဆုံဆွေးနွေးတယ် ဆိုတာမရှိဘူး။ ဒါက သက် သက် နိုင်ငံရေးအရကစားတာ။ နောက်ကနေကစားနေတဲ့သူတွေ ရှိတယ်။ ထုတ်ပြောလို့မကောင်းလို့ KIA ထဲမှာရှိတဲ့ ရှမ်းဆိုတာ လက်ချိုးရေလို့တောင်ရတယ်။ သူတို့ ပြောလာတာအားလုံးလွှတ်ပေးခဲ့ပြီးပြီ” ဟု မဇ္ဈိမကိုပြောသည်။

KIAမှ ဖမ်းဆီးထားသည်ဆိုသော ရှမ်းများအားလုံးကို ၂ဝ၁၃ခုနှစ် ဒီဇင်ဘာ ၁၆ရက် ညနေ ၃နာရီတွင် လွှတ်ပေးခဲ့ပြီးဖြစ်ကာ ယင်းကိစ္စထက် လက်ရှိအစိုးရနှင့် အပစ်ရပ်စဲရေးအတွက် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စကိုသာ အာရုံထားဆောင်ရွက်နေသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန် ဂျာ ကပြောသည်။

ကချင်ပြည်နယ်၊ မန်ဝိုင်းကြီးအနီးဝန်းကျင်ရှိ ရွာပေါင်း ၁၄ ရွာမှ ရှမ်းမျိုးနွယ်ဝင် ရှမ်းနီ၊ တိုင်လေ၊ တိုင် မောင်ရှမ်းတို့နှင့် ဗမာလူမျိုးစုစုပေါင်း ၆ဝ ခန့်ကို ကေအိုင်အေက ဒီဇင်ဘာလအစပိုင်းအတွင်းက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) ၏ စာရင်းတွင် ဖော်ပြထားသည်။ ၎င်းစာရင်းကို တိုင်းလိုင်ရှမ်းနီပါတီ ကလည်း ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ၁၄ ရွာမှ တစ်ရွာလျှင် တစ်ဦးကျစီ တပ်သားသစ်အဖြစ် ပေးအပ်ရန် ကေအိုင်အေ က တောင်းခံထား သဖြင့် ကျေးရွာသား လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဖော်ပြခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment