Monday, January 13, 2014

ဘန်ကောက် ဆန္ဒပြပွဲကြောင့် MAI လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းမည်မဟုတ်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝါထရာ ရာထူးက နုတ်ထွက်ပေးရန် အတိုက်အခံ ပါတီဝင်များက တနင်္လာနေ့ (ဇန်နဝါရီလ ၁၃ ရက်) မှစတင်၍ ဘန်ကောက်မြို့တွင်းရှိ လမ်းများ ကို ပိတ် ဆို့၍ ဆန္ဒပြမှု (Babgkok Shutdown) ပြုလုပ်မည် ဖြစ်သော်လည်း ရန်ကုန်- ဘန်ကောက် လေယာဉ် ခရီးစဉ်များကို ရပ်ဆိုင်းမည် မဟုတ်ကြောင်း မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။
“ထိုင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းရေး ပဋိပက္ခကြောင့် ခရီးသည် အဝင်အထွက် နည်းတယ်၊ ဒါကြောင့် ပုံမှန် ခရီးစဉ်တွေကို ဖျက်သိမ်းတာ မရှိပါဘူး။ လေယာဉ်ဆင်းလို့ မရဘူးလို့လည်း အကြောင်းကြားထားတာ မရှိဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံက ပြေးဆွဲလျက်ရှိသော လေယာဉ်များသည် သုဝဏ္ဏဘူမိ လေဆိပ်ကို အဓိက ဆင်းသက်ခြင်းဖြစ်ရာ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် ဝင်ရောက်သူနှင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်သူများမှာ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု စတင်သည့် အချိန်၌ပင် တစ်ရက်လျှင် ပျမ်းမျှ ၅၀ ဦးမှ ၇၀ ဦးကြားတွင် ရှိကြောင်း၊ လေယာဉ်ဆင်းရန် အခက်အခဲ ရှိသည်ဟု အကြောင်းကြားပါက သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်း လေဆိပ်ကို ဇန်နဝါရီလ ၁၃ ရက်နေ့ မှစတင်၍ ငါးရက်မှ ရက်နှစ်ဆယ်ခန့်ထိ အတိုက်အခံများက ပိတ်ဆို့ထားမည်ဖြစ်ရာ ယင်းလေဆိပ် ပိတ်ခဲ့ရခြင်းကြောင့် စင်ကာပူ လေကြောင်းလိုင်းသည် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်မည့် ခရီးစဉ် ၁၉ ခုကို ဖျက်သိမ်းခဲ့ကြောင်း ထိုင်းနိုင်ငံပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြေးဆွဲလျက် ရှိသော လေကြောင်းလိုင်းများမှာ Bangkok Airways၊ Myanmar Airways International (MAI)၊ Thai AirAsia၊ Thai Airways International၊ Golden Myanmar Airlines၊ Nok Air တို့ ဖြစ်ကြသည်။

The Voice Weekly

No comments:

Post a Comment