Thursday, February 13, 2014

2014 AFC Challenge Cup ပြိုင်ပွဲ အုပ်စုမဲခွဲခဲ့ရာ မြန်မာအသင်း အုပ်စု(က)တွင် အိမ်ရှင် မော်လ်ဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ္စတန်တို့နှင့်အတူ ကျရောက်

2014 AFC Challenge Cup ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ 
ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ- ညီညီစိုးညွန့်)
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် 2014 AFC Challenge Cup ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် အုပ်စုပွဲစဉ် များ မဲနှိုက်ရေးဆွဲခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်က မော်လ်ဒိုက်နိုင်ငံရှိ  Paradise Island Resort တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အုပ်စု မဲနှိုက်ရေးဆွဲမှုအရ မြန်မာအသင်းမှာ အုပ်စု (က)တွင် အိမ်ရှင် မော်လ်ဒိုက်၊ ကာဂျစ္စတန်၊ ပါလက်စတိုင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။


AFC သည် အိမ်ရှင်မော်လ်ဒိုက်အသင်းနှင့်အတူ ခြေစစ်ပွဲအောင်အသင်း ခုနစ်သင်းဖြင့် စုစုပေါင်း ရှစ်သင်းကို မဲနှိုက်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အုပ်စု(ခ)တွင် တာ့ခ်မင်နစ္စတန်၊ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်နှင့် လာအိုတို့ ကျရောက်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲကိုလာမည့် မေ ၁၉ ရက်မှ ၃၀ ရက်အထိ မော်လ်ဒိုက်နိုင်ငံ တွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို မေ ၁၉ ရက်မှ ၂၄ ရက် အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၂၇ ရက်တွင်လည်းကောင်း၊ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲ ကို မေ ၃၀ ရက်တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မေ ၁၉ ရက်တွင် အိမ်ရှင် မော်လ်ဒိုက်အသင်းနှင့် စတင်ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ ၂၀၁၅ အာရှဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းမှာ AFC Challenge Cup ပြိုင်ပွဲကို တတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် စတုတ္ထနေရာရရှိခဲ့ကာ ၂၀၁၂ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင် ခဲ့ခြင်းမရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment