Monday, February 3, 2014

မြန်မာနိုင်ငံကို စစ်ရေးအရ ပိတ်ဆို့မှု ဥရောပသမဂ္ဂက သက်တမ်း ထပ်တိုးမည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စစ်ရေးအရ ပိတ်ဆို့မှုဖြစ်သည့် လက်နက် အပြန်အလှန် ရောင်းဝယ် မှုကို ဆက်လက် ပိတ်ပင်သည့်အနေနှင့် ဧပြီလတွင် သက်တမ်းတစ်နှစ် ထပ်တိုးသွားမည် ဖြစ်ကြောင်း ဥရောပ ကော်မရှင် ဒုတိယဥက္ကဋ္ဌ Ms.Catherine Ashton က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များကြောင့် ဥရောပသမဂ္ဂက စီးပွားရေးနှင့် နိုင်ငံရေး အရ ပိတ်ဆို့မှုအားလုံးကို ဖြေလျှော့ပေးခဲ့သော်လည်း လက်နက် အပြန် အလှန် ရောင်းဝယ် ဖောက်ကားခွင့် ကိုမူ ဆက်လက် ပိတ်ပင်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်သည့်အတွက် စစ်ရေးအရ ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ်နေမည်ဟု Ms.Catherine ကဆိုသည်။

အဆိုပါ ပိတ်ဆို့မှုသည် ၂၀၁၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သောကြောင့် နောက် တစ်နှစ် သက်တမ်း ထပ်မံတိုးမြှင့်သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့ခြင်း ဖြစ်သည်။

အီးယူသည် မြန်မာနိုင်ငံအပေါ် ၁၉၉၀ ပြည့်နှစ်လယ်ပိုင်းမှစ၍ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ လက်နက် ရောင်းဝယ်ရေး အစရှိသည့် ပိတ်ဆို့မှုများ စတင်ခဲ့ပြီး ၁၉၉၁ ဇူလိုင်လ ၂၉ ရက်နေ့တွင် ယင်းပိတ်ဆို့မှုများကို ဥရောပသမဂ္ဂ အထွေထွေ ညီလာခံမှတစ်ဆင့် အတိအလင်း ကမ္ဘာသို့ ကြေညာခဲ့သည်။

ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် စတင်တာဝန်ယူသည့် ၂၀၁၁ ခုနှစ်တွင် အီးယူက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်၍ ပြည်ဝင်ခွင့် ပိတ်ပင်ထားသည့် နိုင်ငံခြားရေးဝန်ကြီး အဆင့်မှစ၍ အစိုးရ ဝန်ထမ်းများ၊ အရာထမ်းများကို ပြည်ဝင်ခွင့် ဖြေလျှော့ပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သမ္မတနှင့် ဒုတိယသမ္မတ အပါအဝင် လွှတ်တော် ဥက္ကဋ္ဌ အဆင့်ရှိသူ စုစုပေါင်း ၈၇ ဦးကို ပြည်ဝင်ခွင့် ပိတ်ဆို့မှုများကို ထပ်မံ ဖြေလျှော့ပေးခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေနှင့် ပိတ်ဆို့မှုအားလုံး (လက်နက် ရောင်းဝယ်ရေးမှ အပ) ကို ၂၀၁၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ တစ်နှစ် ဆိုင်းငံ့ပေးခဲ့သည်။

ယင်းနောက် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးတွင် ပိတ်ဆို့မှု အားလုံး (လက်နက် ရောင်းဝယ်ရေးမှအပ) ကို ဆိုင်းငံ့အဆင့်မှ အပြည့်အဝ ရုပ်သိမ်း ပေးလိုက်ကြောင်း ကြေညာခဲ့သည်။

ဥရောပသမဂ္ဂ (အီးယူ) က ပိတ်ပင် ထားသော်လည်း ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ သန်း (ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ စစ်ရေးနှင့် ကယ်ဆယ်ရေး ကဏ္ဍသုံး လက်နက်များ တင်သွင်းခွင့် လိုင်စင်ကို ဗြိတိန်အစိုးရက ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း ကြေညာချက် တစ်စောင် ထွက်ရှိခဲ့သည်။

ထို့အပြင် ဗြိတိန်အစိုးရက မြန်မာ တပ်မတော်ကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ယခုနှစ်ကုန်ပိုင်းတွင် ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment