Thursday, February 27, 2014

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဋ္ဌာန်းပေးရေး ကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့

မန္တလေးမြို့တွင် ကျင်းပခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူခြင်း အခမ်းအနားအား တွေ့ရစဉ် 

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။


အဆိုပါ ဥပဒေလေးခုသည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသက လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့သော ဥပဒေများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများကို ဖြေရှင်းရာ၌ ပြေလည်စေရန် ရည်ရွယ်ပြီး ထိုဥပဒေများကို ၂ဝ၁၃ ခုနှစ် ဇူလိုင် ၉ ရက်နေ့စွဲဖြင့် သမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်ကာ အမျိုးဘာသာသာသနာနှင့် တိုင်းပြည်အကျိုးကို စောင့်ရှောက်ရန်လိုလားသော ဦးဆောင်ဆရာတော်များ၊ နိုင်ငံတစ်ဝန်းရှိ သံဃာတော်များ အပါအဝင် နိုင်ငံသား ၁၃၃၃၅၆ဝဝ က လက်မှတ်ရေးထိုး ဆန္ဒပြုထားကြောင်း သိရသည်။ ထိုဥပဒေများ ပြဌာန်းရေးကိစ္စရပ်မှာ နက်နဲသိမ်မွေ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်က သုံးသပ်စဉ်းစားနိုင်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သမ္မတက ပေးပို့သော သဝဏ်လွှာသည် လူမှုကွန်ရက် Facebook ၌ ဦးစွာပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

“သမ္မတကြီးက ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ ပေးပို့တယ် ဆိုတာ မှန်ပါတယ်” ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် The Daily Eleven သို့ အတည်ပြုပြောကြား သည်။

“သဝဏ်လွှာပေးပို့ရတဲ့ အကြောင်းကတော့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ လက်မှတ် ထိုးပြီး သံဃာတော်နဲ့ ပြည်သူတစ်သန်းကျော် လက်မှတ် ထိုးထားတဲ့ စာတစ်စောင် သမ္မတထံ ပေးပို့ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ အဲဒီစာမှာ ဥပဒေကြမ်းလေးခုကို ပြဌာန်း သင့်ကြောင်း အကြံပြုထားပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဇယား ၁၊ ၂၊ ၃ မှာ မပါတဲ့ ကိစ္စများ အတွက် ဥပဒေပြုရေးဟာ ပြည်ထောင်စုလွှတ်တော်မှာပဲ တာဝန်ရှိတဲ့အပြင် ဆရာတော်ကြီးများ အကြံပြုထားတဲ့ ဥပဒေကြမ်းများဟာ နက်နဲသိမ်မွေ့တဲ့ ကိစ္စများဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်စဉ်းစားနိုင်ဖို့အတွက် လွှဲပြောင်းပေးခြင်း ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

ထိုဥပဒေများကို ပြဌာန်းရန် သင့်၊ မသင့် ဆိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်များက စဉ်းစားသုံးသပ် ရမည်ဖြစ်ပြီး သမ္မတအနေဖြင့် ပြဌာန်းရန် တောင်းဆိုခြင်းမဟုတ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က သမ္မတထံပေးပို့ခဲ့သော ဥပဒေလေးရပ်မှာ (က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ (ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် (ဃ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် ဘာသာကူးပြောင်းမှုနှင့် ပတ်သက်၍ ယုံမှား သံသယ ကင်းစေခြင်း၊ ပွင့်လင်းမြင်သာမှု ရှိစေခြင်းတို့ဖြင့် စည်းကမ်းစနစ်တကျ ရှိစေရန် ရည်ရွယ်ပြဌာန်း လိုခြင်းဖြစ်ကြောင်း၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် ဗုဒ္ခဘာသာဝင် တိုင်းရင်းသားများသည် သဘောမတူသူများနှင့် လက်ထပ်ရာ၌ အခွင့်အရေး အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ပြဌာန်းစေလိုခြ င်းဖြစ်ကြောင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် အိမ်ထောင်ရေးနှင့် သက်ဆိုင် သည့် လူမှုရေးပြဿနာများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ပြဌာန်းစေလိုခြင်းဖြစ်ကြောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် မိမိနိုင်ငံ၏ နယ်မြေအကျယ်အဝန်းအရ အချုပ်အခြာအာဏာ တည်တံ့ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လုံလောက်သော စောင့်ရှောက်မှု ပေးနိုင်စေရေးတို့အတွက် ဘာသာပေါင်းစုံ ကိုးကွယ်သူများ လိုက်နာရန်ရည်ရွယ်၍ ပြဌာန်းပေးစေ လိုခြင်းဖြစ်ကြောင်း၊ ထိုဥပဒေများသည် အမျိုးဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး အတွက်ဖြစ်ကြောင်း သမ္မတထံ ပေးပို့သည်စာ၌ ပါဝင်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားသည့် သဝဏ်လွှာနှင့် ပတ်သက်၍ The Daily Eleven က မေးမြန်းခဲ့သော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ၎င်းတို့ထံသို့ သဝဏ်လွှာမိတ္တူ မရောက်ရှိသေးကြောင်းနှင့် သဝဏ်လွှာ၌ ပါရှိသော အကြောင်း အရာများကိုလည်း မသိရှိရသေးသဖြင့် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

ထို့အပြင် သမ္မတရုံးဝန်ကြီးဌာန (၂) မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ကလည်း ထိုကိစ္စရပ်ကို ၎င်းတို့ရုံးက ဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် မသိရှိကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ဖြေကြားသည်။

“အခုတင်ပြတဲ့ ဥပဒေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မီဒီယာတွေတောင် ကျယ်ကျယ်ပြန့်ပြန့် တိတိကျကျ မသိရှိရသေးဘူး။ ဒီဥပဒေ ပေါ်ပေါက်ရခြင်း အကြောင်းရင်းက တစ်ဖက်မှာ ဗုဒ္ဓဘာသာဝင် အများစုက အစ္စလာမ်ဘာသာ ကမ္ဘာမှာ ကြီးစိုးလာတဲ့ အပေါ်မှာ အစ္စလာမ်ဖိုးဘီးယားဖြစ်လို့ ပေါ်ပေါက်လာတယ်လို့ ကျွန်တော်တို့မြင်တယ်။ အဲဒီလိုဖြစ်နိုင်အောင်လည်း ထေရဝါဒ ဗုဒ္ဓဘာသာကြီးစိုးတဲ့ မြန်မာနိုင်ငံဟာ အခုလောလောဆယ်မှာ အစ္စလာမ်ရေးရာနဲ့ ပတ်သက်ပြီး Focus ဖြစ်လာတယ်။ ဗုဒ္ဓဘာသာဟာ တိုက်ခိုက်ခြင်းခံနေရတယ်လို့ ဗုဒ္ဓဘာသာဝင်တွေ အမြင်မှာ ခံစားနေကြရတယ်။ တစ်ဖက်မှာလည်း လူဦးရေ သန်း ၁၆ဝဝ ကျော်ရှိတဲ့ အစ္စလာမ်တွေအကြားမှာ ဗုဒ္ဓဘာသာဟာ အတိုက်အခိုက် ခံနေရတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် ဒီဥပဒေပြဌာန်းဖို့အတွက် တင်ကြတယ်လို့ ယူဆရတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင် က ပြောကြားသည်။

“ဒါပေမဲ့ ဒီဥပဒေဟာ (၁) အချက်က တခြားဘာသာဝင်တွေအပေါ်မှာ ခွဲခြားဆက်ဆံခြင်း မဖြစ်စေဖို့။ နောက်ပြီးတော့ အမျိုးသမီးများ အပါအဝင် တခြားအားနည်းတဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ခွဲခြားဆက်ဆံ တာမျိုး နှိမ့်ချဆက်ဆံတာမျိုး မဖြစ်ဖို့အတွက်တော့ သတိပြုရမယ်။ မျိုးစောင့်ဥပဒေဆိုတဲ့ ဒီစကားလုံးကြီးက သိပ်ပြင်းထန်လွန်းတဲ့အတွက် ဒါဟာဒီဥပဒေရဲ့ နာမည်ကိုက အခြားလူတွေအပေါ်မှာ ခွဲခြားဆက်ဆံသလို ဖြစ်နေတယ်။ မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပူးပေါင်းနေထိုင်ရာနိုင်ငံ ဖြစ်တဲ့အတွက် လူမျိုးဘာသာအပေါ်မှာ ခွဲခြားဆက်ဆံတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒါပေမဲ့ မိမိဘာသာအပေါ် ကာကွယ်လိုတဲ့ အကြောက်တရားကြောင့် ဖြစ်ပေါ်လာတဲ့ ဥပဒေအပေါ်မှာ စနစ်တကျ လွှတ်တော်မှာ ဝေဖန်ဆွေးနွေး သင့်တယ်။ တခြားဘာသာဝင်တွေရဲ့ ဆန္ဒကိုရော၊ အမျိုးသမီးတွေရဲ့ ဆန္ဒကိုရော ကျယ်ကျယ်ပြန့်ပြန့်ရယူပြီး အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒီဥပဒေကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ဒေါက်တာသန်းထွဋ်အောင်က ဆက်လက်ပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment