Thursday, February 27, 2014

နိုင်ငံတစ်ဝန်း လစ်လပ်နေသော သားဖွားဆရာမများကို ယခုနှစ်အပြီးခန့်မည်

အကြောင်းအရင်း အမျိုးမျိုးကြောင့် လက်ရှိရာထူးမှ ရွှေ့ဆိုင်းခံရသော သားဖွားဆရာမများ၏ လစ်လပ် နေရာများကို ၂၀၁၄ ခုနှစ်တွင် အစားထိုး ခန့်အပ်မှု အပြီးသတ် ဆောင်ရွက်ရန် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။

လစ်လပ်နေသော သားဖွားဆရာများကို ကျန်းမာရေးဝန်ကြီးဌာနက နှစ်စဉ် ခန့်ထားသော်လည်း ၇၀ ဦး နီးပါး ထပ်မံ လိုအပ်နေသေးသည့်အတွက် ယခုနှစ်အတွင်း အပြီးခန့်ထားပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်တွင် သားဖွားဆရာမ ၉၀၀၀ နီးပါး ခန့်ထားပြီး ကျေးလက် ကျန်းမာရေးဌာနခွဲ ၇၀၀ ခန့်တွင် သားဖွား ဆရာမများကို ထားရှိကြောင်း၊ နိုင်ငံတစ်ဝန်း ကျေးလက် ကျန်းမာရေးဌာနခွဲ ၆၀၀၀ ကျော် ရှိသည့်အတွက် အခြားကျန်းမာရေး ဌာနများတွင် အရန်သားဖွား ဆရာမများကိုသာ ခန့်ထားရကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုကြောင့် သားဖွားဆရာမ တစ်ဦးလျှင် ကျေးရွာငါးရွာမှ ၁၀ ရွာအထိ တာဝန်ယူ ဆောင်ရွက်နေရကြောင်း အဆိုပါ ကျန်းမာရေးဝန်ထမ်းက ဆိုသည်။

မြို့ပြနှင့် ကျေးလက်ဒေသများတွင် သားဖွားဆရာမနှင့် အရန်သားဖွားဆရာမများ ခန့်ထားရေးအတွက် မူဝါဒများ ရေးဆွဲနေပြီ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်ကုန်ပိုင်းက ကျင်းပသော မိသားစု စီမံကိန်း ၂၀၂၀ ရေးထိုးပွဲ၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မိသားစု ကျန်းမာရေး စီမံကိန်းကို ၁၉၉၁ ခုနှစ်တွင် နိုင်ငံတကာ အကူအညီဖြင့် စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး ဝန်ကြီးဌာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးတွဲ စီမံချက် မြို့နယ် ၁၆၃ မြို့နယ်အထိ ရှိကြောင်း ၂၀၁၃ ခုနှစ် ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်

The Voice Weekly

No comments:

Post a Comment