Sunday, February 9, 2014

ဆင်းရဲနွမ်းပါးသော တက္ကသိုလ်ဝင်တန်း ကျောင်းသား ၄၀ ဦးကို ကျောင်းအိပ်၊ ကျောင်းစား ထောက်ပံ့မည်

တက္ကသိုလ်ဝင်တန်း တက်ရောက်ရန် အခက်အခဲရှိပြီး ဆင်းရဲနွမ်းပါးသော ကျောင်းသား ကျောင်းသူ များကို ကျောင်းအိပ် ကျောင်းစား ထောက်ပံ့လျက်ရှိသည့် စိမ်းလန်းမြေ ပညာသင်ဒါန ကျောင်းအဖွဲ့သည် ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၄၀ ဦးအထိ တိုးမြှင့် ပံ့ပိုး သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းက The Voice သို့ ပြောကြား သည်။

ယခင် ၂၀၁၃-၂၀၁၄ ခုနှစ်က ကျောင်းသား ၂၀ ဦးနီးပါးကို မိတ္ထီလာမြို့တွင် ကျောင်း အိပ်ကျောင်းစား ထောက်ပံ့ခဲ့ရာမှ ယခုနှစ်တွင်မူ ကျောင်းသားဦးရေ နှစ်ဆတိုးချဲ့၍ ပြင်ဦးလွင်မြို့တွင်ပါ ထပ်တိုးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ကျောင်းသားတစ်ယောက် ပညာသင်စရိတ်၊ စားစရိတ်နဲ့ ကျန်းမာရေးစတဲ့ ကုန်ကျစရိတ်က တစ်လကို စုစုပေါင်း ကိုးသောင်းလောက် ရှိတယ်။ ပညာသင်နှစ် တစ်ခုလုံးစာ ကျောင်းသား အားလုံးအတွက် ကျပ်သိန်း ၄၀၀ လောက် ကုန်မှာဆိုတော့ အဲ့ဒီအတွက် အလှူရှင်တွေလည်း လိုအပ်နေတယ်” ဟု ဦးစိုင်းက ဆိုသည်။

စိမ်းလန်းမြေအဖွဲ့၏ မိတ္ထီလာနှင့် ပြင်ဦးလွင် ဘော်ဒါတွင် ပညာသင်ယူလိုသော ကျောင်းသားများ အနေနှင့် ယင်းအဖွဲ့တာဝန်ခံများ အပါအဝင် တက်ရောက်ခဲ့သော နဝမတန်းမှ အတန်းပိုင်ဆရာမ၊ ကျောင်းအုပ် ဆရာများနှင့် ပညာရေးမှူးများထံတွင် လျှောက်လွှာ တောင်းယူကာ ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံး ထားကာ လျှောက်ထား နိုင်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ပညာသင် ထောက်ပံ့လိုသည့် အလှူရှင်များနှင့် လျှောက်ထား လိုသော ကျောင်းသားများသည် ဦးစိုင်းဝဏ္ဏ ၀၉- ၅၀၈၁၉၉၉၊ ဒေါ်ဝါဝါ ၀၉-၄၂၀၀၂၈၇၁၅၊ ဦးဝေယံဖြိုး ၀၉-၄၂၀၀၇၅၂၁၁၊ ဦးကျော်ဇေယျ ၀၉-၄၅၈၀၂၅၂၆၊ ဒေါ်အေးမင်းသူ ၀၉-၃၃၂၈၆၁၉၅ သို့ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်သည်။

The Voice Weekly

No comments:

Post a Comment