Sunday, February 9, 2014

ရန်ကုန်တိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှု နှစ်လအတွင်း အပြီးကောက်ယူနိုင်မည်ဟု မျှော်မှန်း

၂၀၁၄ ဖေဖော်ဝါရီလမှစတင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်ဗ AAPP တို့ပူးပေါင်းပြု လုပ်သည့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှုအား နှစ်လခန့်အတွင်း ရန်ကုန်တိုင်းမှာ ပြီးဆုံးလိမ့် မည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်းအတွင်း တာဝန်ခံဆောင်ရွက်နေသည့် ဦးထွန်းကြည်က ပြောကြား သည်။

သက်ဆိုင်ရာမြို့နယ်အတွင်းရှိ NLD ပါတီဝင်များနှင့် ပထမဦးစွာဆက်သွယ်ခဲ့ပြီး ထိုမြို့နယ် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို မေးမြန်းစုံစမ်းခဲ့ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသား စာရင်းကောက်ခံသည့် ပုံစံစာရွက်အား ရှင်းလင်းပြသခဲ့သည်။

၁၉၆၂ ခုနှစ်မှ စတင်ကောက်ခံခဲ့ခြင်းဖြစ်သဖြင့် ၁၉၆၂ မျိုးဆက်ရှိ အချို့နိုင်ငံရေးအကျဉ်းသား များမှာ သေဆုံးသွားခဲ့ကြပြီဖြစ်ကြောင်းကိုလည်း သတင်းရရှိသည်။ ထို့အပြင် ပျောက်ဆုံးနေ သည့် နိုင်ငံရေးအကျဉ်းသားအချို့၏ စာရင်းကိုလည်း လက်ခံရရှိခဲ့သည့် အကြောင်းကို လည်း ပြန် လည်ဖြေကြားခဲ့သည်။

"စစ်ထောက်လှမ်းရေးခေတ်က နိုင်ငံရေးအကျဉ်းသားတွေကို ရဲဘက်စခန်းတွေကို ပို့တယ်၊ အဲဒီကနေ ပေါ်တာပို့တယ်။ ပေါ်တာပို့ရာကနေ ပြန်မလာတော့ဘူးဆိုတော့ သူတို့ကို သေဆုံးသွားတယ်လို့ ယူဆလို့ရတယ်။ တချို့ကိုလည်း နယ်ထောင်တွေကို ပို့လိုက်တယ်။ မိသားစုက စားစရိတ်ကမတတ်နိုင်တော့ ထောင်ဝင်စာလိုက်မတွေ့ဘူး။ မိသားစုအဆက်အသွယ်ပြတ်သွားတယ်။ အခုအချိန်အထိ အိမ်ပြန်မလာဘူးဆိုတော့ ဒီလူတွေက သေဆုံးသွားပြီလို့ပဲ သတ်မှတ်ရမလို ဖြစ်နေတယ်။ တချို့မိသားစုတွေက သူတို့ကို အသိအမှတ်မပြုဘူးလို့ ခံစားနေရတယ်။ အခုလိုအသိအမှတ်ပြုပြီး စာရင်းကောက်ခံတယ်ဆိုတော့ သူတို့ဝမ်းသာတယ်။ တချို့ဆိုရင် သေဆုံးခါနီးတာတောင် အသိအမှတ်မပြုမှာကို စိုးရိမ်သွားကြတယ်လို့ သိရတယ်"ဟု ၎င်းက တွေ့ကြုံရမှုအား ပြောကြားသည်။

ထို့အပြင် အကျဉ်းထောင်အတွင်းရှိနေစဉ် ရရှိခဲ့သည့် ရောဂါများထဲတွင် အသဲရောင်အသားဝါ ဘီပိုး၊ စီပိုးများရှိနေပြီး နိုင်ငံရေးအကျဉ်းသား အများစုအဖို့ အသည်းရောင်စီပိုးကို ကုသရန် ငွေကြေး လုံလောက်မှုမရှိကြောင်းနှင့် ဦးဝင်းတင် ဖောင်ဒေးရှင်း၏ စီမံမှုကြောင့် ရရှိခဲ့သည့် အခမဲ့ကုသခွင့်တွင်လည်း စီပိုးကုသမှု မပါဝင်သဖြင့် အခက်အခဲတွေ့နေရကြောင်းကိုလည်း ပြောကြားသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအနေနှင့် ပညာသင်ကြးခွင့် အခွင့်အရေးများ ဆုံးရှုံးခဲ့ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းမှုအတွက် အခက်အခဲများ တွေ့ကြုံနေရကြောင်းနှင့် အကျဉ်းထောင်များမှ လွတ်မြောက်လာပြီးနောက်ပိုင်း ဆေးနှင့်ဆေးပစ္စည်းမသန့်ရှင်းမှုများကြောင့် ကူးစက်ခံရသည့် ရောဂါ များကြောင့် လည်းကောင်း ငွေကြေးကုန်ကျမှုများ၊ အလုပ်လုပ်ကိုင်နိုင်ခွင့်များကိုလည်း ဆုံးရှုံးခဲ့ကြရ သည်ဟု သိရသည်။

Eleven Media Group

ဖယ်ရှားခံ သမီးကလေးကျေးရွာသားများက ကျောင်းတက်နေသည့်ကလေးများ စာမေးပွဲပြီးဆုံးသည်အထိ အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံခွင့်ပြုရန် သက်ဆိုင်ရာသို့ မေတ္တာရပ်ခံ

Written by: 
ဥာဏ်ဝင်းရှိန်
အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခိုလှုံနေသည့် သမီးကလေးရွာသားအချို့အား ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ဖေဖော်ဝါရီ ၄ ရက်က သက်ဆိုင်ရာ၏ ဖယ်ရှားခြင်းခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာသားများမှာ ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည်အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရပြီး ၎င်းတို့အား ကျောင်းတက်နေသည့် ကျောင်းသားများ စာမေးပွဲပြီးစီးသည်အထိ နေထိုင်ခွင့်ပြုရန် သက်ဆိုင်ရာသို့ မေတ္တာရပ်ခံထားကြောင်း ဖယ်ရှားခံ ရွာသားများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
  
ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာက အောင်သိဒ္ဓိဆရာတော်ထံသို့ ဖယ်ရှားခံရွာသားများအား လက်ရှိနေထိုင်သည့် ပဲခူးတိုင်းအတွင်းမှ ထွက်ခွာသွားပေးရန် စာပေးခဲ့ပြီးနောက် ရွာသားများက လက်ရှိကျောင်းတက်နေသည့် ကျောင်းသားများ စာမေးပွဲပြီးစီးသည်အထိ ၎င်းတို့အား အဆိုပါဘုန်းကြီးကျောင်းတွင် နေထိုင်ခွင့်ပြုရန် မေတ္တာရပ်ခံထားကြောင်း ပြောကြားကြသည်။
  
အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည့် သမီးကလေးရွာသူတစ်ဦးဖြစ်သူ မချောစုက "ကျွန်မအသက် ၃၇ နှစ်ရှိပါပြီ။ သမီးကလေးမှာမွေးပြီး အဲ့မှာပဲ ကြီးလာတာပါ။ တစ်နေ့က အလိုင်နီကျေးရွာ ဥက္ကဋ္ဌအပါအ၀င် လူကြီးတွေက ဆရာတော့်ဆီကို စာလာပို့တယ်။ ကျွန်မတို့ကို ဒီနေရာကနေ ထွက်ခွာသွားပေးဖို့လို့ ပြောတယ်။ကျွန်မတို့က ဟိုရွာကနေ ခွေးမောင်းသလို မောင်းထုတ်ခံခဲ့ရတာပါ။ နေစရာမရှိလို့ ဆရာတော်ကျောင်းမှာ လာခိုလှုံနေရတာပါ။ နောက်ပြီးကလေးတွေက ကျောင်းတက်နေတုန်း တစ်ဝက်တစ်ပျက်တွေပါ။ သူတို့စာမေးပွဲပြီးတဲ့အထိ နေခွင့်ပေးပါလို့ပြောတော့ သူတို့ကလည်း အထက်ကိုတင်ပြပေးပါမယ်လို့တော့ ပြောပါတယ်။ အကြောင်းပြန်တာကတော့ မလာသေးပါဘူး"ဟု ဖေဖော်ဝါရီ ၈ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် ဦးရေမှာ ၅၀၀ ခန့်ရှိကာ ၎င်းတို့အနက် သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေးချို့ယွင်းမှုများ၊ ၀မ်းပျက်ရောဂါများလည်း ဖြစ်ပွားနေကြောင်း ဖယ်ရှားခံရွာသားများက ပြောကြားကြသည်
အောင်သိဒ္ဓိကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက "ဦးဇင်းက ဒီဒကာတွေ၊ ဒကာမတွေ ဒုက္ခရောက်နေတာကို မမြင်ရက်လို့ ကျောင်းမှာနေခိုင်းတယ်။ သူတို့တွေက ဦးဇင်းမရောက်ခင်ကတည်းက ရှိနေပြီးသားတွေပါ။ လောလောဆယ် ဒီကျောင်းမှာ စာသင်နေတဲ့သမီးကလေးရွာက ကလေးတွေက ၉၉ ယောက်ရှိတယ်။ အလယ်တန်းထိပေါ့။ သူတို့တွေ စာမေးပွဲပြီးတဲ့အထိ နေခွင့်ရဖို့ ဦးဇင်းက တိုင်းဒုဦးစီးမှူးကို မေတ္တာရပ်ခံထားပါတယ်။ သူတို့ကလည်း အထက်ကိုတင်ပြပေးမယ်လို့ ပြောပါတယ်။ သူတို့ကတော့ ဒီလိုမျိုးနေထိုင်တာ ဥပဒေနဲ့မညီဘူးလို့ပြောတယ်။ ဦးဇင်းကလည်း ဒါဆိုရင်လည်း ဥပဒေတိုင်း လုပ်ချင်လုပ်ပါလို့ပြောလိုက်တယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ ဒုက္ခရောက်တဲ့သူတွေကို ကယ်တင်ရမယ့်တာဝန်ရှိလို့ ဦးဇင်းခေါ်ထားတယ်"ဟု ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။
  
လက်ရှိတွင် အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် ဦးရေမှာ ၅၀၀ ခန့်ရှိကာ ၎င်းတို့အနက် သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ မြေကြီးပေါ်တွင် အိပ်ရသဖြင့် ကျန်းမာရေးချို့ယွင်းမှုများ၊ ၀မ်းပျက်ရောဂါများလည်း ဖြစ်ပွားနေကြောင်း ဖယ်ရှားခံရွာသားများက ပြောကြားကြသည်။
  
ဖယ်ရှားခံရွာသားတစ်ဦးဖြစ်သူ ကိုဝင်းစိုးက "ကျွန်တော်တို့ လောလောဆယ် နေစရာမရှိလို့ ဆရာတော်က ခေါ်ထားတာပါ။ စားဝတ်နေရေးကလည်း ကြာရှည်ဆိုမလွယ်ပါဘူး။ သက်ဆိုင်ရာက ကျွန်တော်တို့ကို ဒီနေရာက ထွက်သွားခိုင်းတယ်ဆိုရင်လည်း ဘယ်ကိုသွားလို့ သွားရမှန်းတောင် မသိပါဘူး။ ကလေးတွေကလည်း ကျောင်းတန်းလန်းကြီး ရှိပါသေးတယ်"ဟုဆိုသည်။


   

အောင်သိဒ္ဓိဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် သမီးကလေးကျေးရွာမှ ကလေးငယ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)
ဖယ်ရှားခံရွာသားများခိုလှုံနေသည့် အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းမှာ အလယ်တန်းပညာရေးအထိ သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းဖြစ်ကာ ပဲခူးမြို့၊ မင်္ဂလာရာမကျောင်းခွဲ အမှတ်(၅)လက်အောက်ခံဖြစ်ပြီး ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ခန့် ပညာသင်ကြားနေကြသည်။
  
ထို့ပြင် သမီးကလေးကျေးရွာသို့ သွားရာလမ်းဖြစ်သည့် ကြီးလေးကြီးလမ်းတွင် တပ်မတော်မှ ကင်းချထားပြီး သတင်းမီဒီယာများအား ဖယ်ရှားခဲ့သည့် သမီးကလေးကျေး ရွာသို့ဖြတ်သန်းသွားလာခွင့် မပြုခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်က တားဆီးခံခဲ့ရသည့် မီဒီယာများထံမှ သိရသည်။
  
လက်ရှိအချိန်တွင် ဖယ်ရှားခံထားရသော သမီးကလေးကျေးရွာသားများ ခိုလှုံနေသည့် အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ စေတနာရှင်အချို့မှ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များအား လှူဒါန်းမှုများရှိနေကြောင်း သိရသည်။ ထို့ပြင် Eleven Media Group ကလည်း အိမ်ရာများ ဖယ်ရှားခံရသည့်အတွက် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသားများအတွက် ဆန်၊ ဆီ၊ ရေသန့်၊ အ၀တ်အထည်နှင့် ကျောင်းသုံးဗလာစာအုပ် စုစုပေါင်း ၁၅ သိန်းတန်ဖိုးရှိ ပစ္စည်းများကို ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။  
- See more at: http://www.news-eleven.com/local/%E1%80%96%E1%80%9A%E1%80%B9%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%81%E1%80%B6-%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%B8%E1%80%9B%E1%80%BC%E1%80%AC%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%80%E1%80%B9%E1%80%B1%E1%80%94%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%85%E1%80%AC%E1%80%B1%E1%80%99%E1%80%B8%E1%80%95%E1%80%BC%E1%80%B2%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%A1%E1%80%91%E1%80%AD#sthash.fZpKG0d5.dpuf

No comments:

Post a Comment