Wednesday, February 19, 2014

တရားဥပဒေစိုးမိုးရေး

ပြီးခဲ့သောရက်ပိုင်းက ရခိုင်ပြည်နယ်ရှိ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများတွင် အကူအညီပေးရန် ရောက် ရှိနေသော INGO ခေါ် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများကို တစ်ဖက်သတ် အကူအညီ ပေးသည်ဟုဆိုကာ ဒေသမှ ထွက်သွားရန် ဒေသခံ ရခိုင်တိုင်းရင်းသားမျာက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

နယ်မြေခံများ၏ အဆိုအရ ထို INGO များသည် (၎င်းတို့အဆို ရိုဟင်ဂျာ) ဘင်္ဂါလီ အများစုနေထိုင်ရာ ကျေးရွာ များနှင့် ဒုက္ခသည်များကိုသာ ကူညီ ထောက်ပံ့မှုအများစု ပေးခဲ့သည်ဟု သိရသည်။ ရန်ကုန် အခြေစိုက် မော်လဝီ ဆရာများ အသင်းဝင် အချို့ကမူ ယင်းကဲ့သို့ မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ကုန်ခဲ့သည့် ရက်များအတွင်းက ရခိုင်ပြည်နယ်ရှိ ဒုချီးရားတန်းကျေးရွာ မီးလောင်မှုတွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက စတင်ရှို့ခဲ့သည်ဟု အဓိကရုဏ်းများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် အေပီသတင်းထောက်က ရခိုင်ဒေသရှိ ဘာသာခြား သတင်းရပ်ကွက်နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အဆိုပါ ဒေသခံ ဘူးသီးတောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ အတည်ပြုချက်တို့ဖြင့် ရေးသားဖော်ပြခဲ့ရာ နိုင်ငံတကာ သတင်းမီဒီယာများက ကိုးကား ဖော်ပြခဲ့ကြသည်။ ရခိုင်ပြည်နယ် အစိုးရနှင့် နိုင်ငံတော် သမ္မတရုံးတို့ကမူ အဆိုပါသတင်းမှာ လုံးဝမှားယွင်းကြောင်း၊ ယင်းကျေးရွာသားများက မိမိတို့ ဘာသာရှို့ခြင်း ဖြစ်ကြောင်း၊ နယ်မြေခံ ရဲတပ်သားတစ်ဦး လက်နက်နှင့်တကွ ပျောက်ဆုံးနေကြောင်း ပြန်လည် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တော်တွင် ပြီးခဲ့သော ရက်သတ္တတစ်ပတ်က ကျင်းပခဲ့သော ရန်ကုန် ဓာတ်ပုံပွဲတော်တွင် ဓာတ်ပုံပြိုင်ပွဲ တစ်ရပ်လည်း ကျင်းပခဲ့ရာ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် လူနည်းစု ဘာသာခြားများကို လူများစုဘက်က အကြမ်းဖက်မှု ကျူးလွန်ထားသည့် မြင်ကွင်းများကိုသာ ရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပထမဆု ရရှိသွားခဲ့သည်။ အဆိုပါ ဓာတ်ပုံများကိုသာ ကြည့်လျှင် မြန်မာနိုင်ငံသား လူအများစုကြီးက ဘာသာခြား ကိုးကွယ်သူ လူနည်းစုကို အနိုင်ကျင့် အကြမ်းဖက်နေသည်ဟု ထင်မှတ်သွားနိုင်သည်အထိ ယင်းဓာတ်ပုံများက ကြေကွဲ ဝမ်းနည်းဖွယ် ကောင်းနေကြောင်း ယင်းဓာတ်ပုံပြပွဲနှင့် ဆုပေးပွဲကို တက်ရောက်ခဲ့သူ အနုပညာရှင်တစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အခြေအနေများကို မူတည်ကာ ရှုထောင့် တစ်ခုတည်းမှ ကြည့်မြင် ရေးသား၊ ရိုက်ကူးထားသော အကြောင်းအရာနှင့် ဓာတ်ပုံများကို စုစည်းထုတ်ဝေသော စာအုပ်တစ်အုပ်ကိုလည်း ယင်းကိုမူတည်ကာ သက်ဆိုင်ရာက မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရန်ဟုဆိုကာ ကာယကံရှင်၏ သဘောတူညီမှုဖြင့် ဖြန့်ချိမှု ရပ်ဆိုင်းလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

မန္တလေးမြို့တော်တွင် မူလကတည်းက လာရောက် ဟောပြောပေးရန် ပန်ကြားမေတ္တာရပ်ခံ ထားသောကြောင့် လာရောက် ဟောပြောသူ စာရေးဆရာများ၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်များအနက် ဦးမြအေး ဟောပြောမည့် အလှည့်ရောက်သောအခါ ဘာသာခြား ဖြစ်သောကြောင့် မဟောပြောရန် သင်္ကန်းဝတ်ထားသူ ပုဂ္ဂိုလ်တစ်ဦးက ကန့်ကွက်ခဲ့သည်။

ဖော်ပြပါ အခြေအနေများသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်ခင် ထိလွယ်ခိုက်လွယ်၊ စည်းရုံး လှုံ့ဆော်ရလွယ်၊ သွေးဆူလွယ်သော ကိစ္စတစ်ခုခုဖြင့် တစ်စုံတစ်ယောက် (ဝါ) တစ်စုံတစ်ဖွဲ့ကို ကိုယ်စားပြုခြင်း သို့မဟုတ် ဦးတည် တိုက်ခိုက်ခြင်းတို့အတွက် လမ်းကြောင်း ဖော်ခြင်းပေလောဟု စောကြော သုံးသပ်မှုများလည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ အသွင်ကူးပြောင်းစ နိုင်ငံများတွင် ဘယ်ဘက်အိတ်ကပ်မှ ညာဘက်အိတ်ကပ်သို့ ပြောင်း ထည့်ကာ စားကျက်ရှာလေ့ ရှိသော၊ ငွေကြေးပုံအော ထောက်ပံ့သော အလှူရှင်အလိုကျ လိုက်လျောလေ့ရှိသော INGO အမည်ခံများနှင့် မိမိတို့ ကိုယ်ကျိုးအတွက် မီဒီယာကို လက်နက်သဖွယ် အသုံးချနေသူများ၊ သတ္တဝါအားလုံးကို အယုတ်၊ အလတ်၊ အမြတ်မရွေး မေတ္တာထား ဆုံးမခဲ့သော ဗုဒ္ဓ၏လမ်းစဉ်နှင့် မဆီမလျော် အပြုအမူများကို မျှတသော နည်းလမ်းဖြင့် ထိန်းကျောင်းနိုင်ရန် နိုင်ငံတကာ စံနှုန်းနှင့်ညီသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်၊ ပြဋ္ဌာန်းကာ ထိုဥပဒေများအတိုင်း လက်တွေ့ ကြီးကြပ်ရန် တစ်နည်းအားဖြင့် တရားဥပဒေ စိုးမိုးရန် လက်တွေ့ကျကျ အကောင်အထည်ဖော်မှု အထူးလိုနေပြီ ဖြစ်ကြောင်း သတိပေးလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၈-၂-၂၀၁၄)
The Voice Weekly

No comments:

Post a Comment