Saturday, February 1, 2014

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၃၈ ရာခိုင်နှုန်းသာ ပြည်သူ့ ဆန္ဒဖြင့် ရွေးချယ်နိုင်ခဲ့ဟု ၈၈ ထုတ်ပြန်

ပြည်သူ့ကိုယ်စားပြု ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ၃၈ ရာခိုင်နှုန်းသာ ပြည်သူ လူထုက အမှန်တကယ် ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး သို့မဟုတ် အခြေခံ အစိုးရ များ၏ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာ (၂၀၁၃-၂၀၁၄)’ ကို ယနေ့ ထုတ်ပြန် ကြေညာခြင်း ဖြစ်ပြီး အဆိုပါ အစီရင်ခံစာတွင် ယင်းသို့ ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ ၃၈ ရာခိုင်နှုန်းတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အများဆုံးဖြစ် ပြီး တိုင်းရင်းသား အများစု နေထိုင်ရာ ပြည်နယ်များတွင် လူထုဆန္ဒဖြင့် ရွေးချယ် တင်မြှောက်နိုင်ခဲ့သည့် လူထုကိုယ်စားပြု ရပ်ကျေးအုပ်ချုပ်စု အုပ်ချုပ်ရေးမှူး အရေအတွက်မှာ များစွာ နည်းပါးခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

“အုပ်ချုပ်ရေးမှူးဆိုတာ ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့နေရတဲ့ အခြေခံ အစိုးရတွေပါ။ ဒါတွေ ကို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးချယ်နိုင်ဖို့ ဒီအစီ ရင် ခံစာ ကို ရေးဆွဲ ရတာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လူထု ဆက်ဆံရေး တာဝန်ခံ ဦးဂျေမီ က ဆိုသည်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် လူထုအတွင်းသို့ အသိ ပညာပေး မှုများ ကျယ် ကျယ်ပြန့်ပြန့် မရှိခြင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်သည် နှစ်ပေါင်းများစွာ ပြည်သူ လူထုနှင့် မသက်ဆိုင် သကဲ့ သို့ နေ ထိုင်ခဲ့ကြရခြင်းနှင့် ပြည်နယ် အများစုတွင် အဆိုပါ အုပ် ချုပ်ရေး မှူး တာဝန်ကို ထမ်းဆောင်လိုသူ နည်းပါးခြင်းတို့ကို လေ့လာတွေ့ရှိ ခဲ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီတို့က ကျောထောက်နောက်ခံ ပြုထားသူများအများစု ဖြစ်ကြောင်း၊ သို့သော် ရွေးကော က် တင်မြှောက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေများကို လက်ရှိအာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ (USDP) အနေနှင့် ပြည်သူများသို့ အကျယ်တဝင့် ရှင်းလင်း ပြောဆိုမှု မရှိခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့အချုပ် (NLD) အနေဖြင့်လည်း ယင်းကဲ့သို့ လုပ်ဆောင်ရန် ကျယ်ကျယ်ပြန့်ပြန့် အခွင့်အရေး မရခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“တချို့ဒေသတွေဆိုရင် ဘယ်အချိန်က ရွေးကောက်ပွဲလုပ်ပြီး ဘယ်သူ ရွေးကောက် ခံရတယ် ဆို တာတောင် မသိကြတဲ့သူတွေ ရှိတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး က ပြော ကြား သည်။

ယင်းအပြင် လူထုဆန္ဒဖြင့် အမှန်တကယ် ရွေးချယ် တင်မြှောက်ခံရသည့် ၃၈ ရာခိုင်နှုန်း အနက် ၂၉ ရာခိုင်နှုန်းမှာ NLD ၏ ကျောထောက်နောက်ခံ ပြုထားသူများ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများ၏ မသမာမှု များ ကျူးလွန်ထားရှိမှုကို တိုင်ကြားပါကလည်း နောက်ခံ နိုင် ငံရေး ပါတီအပေါ် မူတည်ကာ စစ်ဆေး ဆောင် ရွက်မှုများ ကွဲပြားနေသည်ကို တွေ့ရှိ ရကြောင်း ၈၈ မျိုးဆက်၏ အစီရင်ခံစာတွင် ပါရှိသည်။

အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို အပြည်အဝ မရရှိဘဲ အထက်ဌာန အစိုးရ ဝန်ထမ်းများက ညွှန်ကြား ခိုင်းစေနေခြင်းမှာ ဒီမိုကရေစီ နည်းမကျကြောင်း ဦးဂျေမီက ပြောကြား သည်။

အဆိုပါ အစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ များ၊ ဒေါ်အောင် ဆန်း စုကြည် အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment