Tuesday, February 18, 2014

ရထားပိုင်မြေအတွင်း နေထိုင်သူများက အိုးအိမ်မဖျက်ရန် သမ္မတထံ စာတင်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက် မီးရထားပိုင်နယ်မြေအတွင်း နှစ် ၂၀ ကျော်နေ ထိုင်ခဲ့သည့် အိမ်များကို ဖျက် သိမ်းခြင်းမပြုရန် ယင်းနေရာတွင် နေထိုင်သူများက ဖေဖော်ဝါရီ ၁၇ ရက် တွင် သမ္မတထံ အသနားခံစာတင်ကာ တောင်းဆို လိုက်သည်။

အဆိုပါနေရာတွင် နှစ် ၂၀ ကျော်နေထိုင်ခဲ့သည့် အိမ်ခြေ ၂၂၅ လုံးရှိပြီးအနက် ၃၅ လုံးကို ၁၉ ရက်တွင် ဖျက်သိမ်းရန် မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်)က စာရင်းကောက်ယူသွားသည့်အတွက် အိမ်ရှင်တို့ က အိမ်အားလုံးကို ဖျက်သိမ်းခြင်းမပြုရန် သမ္မတထံ တောင်းဆိုခြင်းဖြစ်သည်။

ဈေးကုန်းအရှေ့ရပ်ကွက်အတွင်း အဆိုပါအိမ်ခြေ ၂၂၅ လုံးအပြင် ၂၀၁၁ ခုနှစ်အတွင်း ရောက်ရှိနေထိုင် လာကြသည့် အိမ်ခြေ ၆၂ လုံးကိုလည်း ဖေဖော်ဝါရီ ၁၉ ရက်က ဖျက်သိမ်းပြီးဖြစ်သည်။

အဆိုပါရပ်ကွက်တွင် နှစ်၂၀ ခန့် နေထိုင်ခဲ့သူ ဦးသိန်းဇော်က “အခု လူဟောင်းတွေနေတဲ့ အိမ်ခြေတွေပါ အပတ်စဉ်ဆက်တိုက် ဖျက် သွားမယ်။ မရပ်တော့ဘူးလို့ သူတို့ဘက်က သိမ်းကျုံးပြီးပြောလာတယ်၊ ကျူး ကျော် ၆၂ လုံးကလွဲရင် အကုန် လူဟောင်းတွေ ပဲ။ လူဟောင်းတွေက ဒီနေရာမှာ နှစ်ပေါင်း၂၀ ကျော် လောက်ကတည်းက စပြီး နေလာခဲ့ကြတာပါ၊ အိမ်တွေလိုက်ဖျက်နေ တာတွေကို ရပ်စေချင်ပါတယ်”ဟု ပြောသည်။

ယင်းရပ်ကွက်တွင် နှစ်ရှည်နေထိုင်ခဲ့သူများသည် ဧရာဝတီတိုင်းဘက်မှ ရောက်လာခြင်းဖြစ်ကာ အုတ်စက်ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ရာ ကုမ္ပဏီက လုပ်ငန်းရပ်ဆိုင်းခဲ့သဖြင့် ယင်းနေရာ တွင် ၁၉၉၄ ခုနှစ်မှစတင်၍ အိမ်ခြေ ၁၀၀ ကျော် စတင်အခြေချ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

နေအိမ်ဖျက်ရန် စာရင်းကောက်သွားခြင်းခံရသူ ယင်းနေရာတွင် နှစ် ၂၀ ခန့်နေထိုင်ခဲ့သည့် မသီသီဝင်း က “ဖေဖော်ဝါရီ ၁၉ ရက်မှာ အပြီးဖျက်ပေးဖို့ စာရင်းကောက်သွားတဲ့ထဲမှာ ကျွန်မအိမ်ပါတယ်၊ ဖျက်ပေး ပါ့မယ်ဆိုပြီး သူတို့က လက်မှတ်အတင်းထိုးခိုင်းခဲ့တယ်၊ နေစရာမရှိလို့ ဘယ်သွားရမှန်းမသိပါဘူး” ဟု ပြောသည်။

ယင်းသို့ဖျက်ခြင်းနှင့်ပတ်သက်ပြီး မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)မှ စက်ရုံမှူးဦးဇော်ဝင်း၏လက်ကိုင် ဖုန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်ဖြေခြင်း မရှိခဲ့ပေ။

မြန်မာ့မီးရထား အောက်မြန်မာပြည်၏ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “ကျူးကျော်တွေက မီးရထားစက်ခေါင်းစက်ရုံ အင်းစိန် အပိုင်ထဲဆို ဖျက်ခိုင်းဖို့ ညွှန်ကြားတာ စက်ခေါင်းစက်ရုံ အင်းစိန်ကပဲ ဖြစ်ပါလိမ့်မယ်၊ အခုက နေရာတိုင်းမှာ ကျူးကျော်တွေ ရှိနေလို့ နေစရာပြန်ပေးဖို့ ဘယ်လွယ်ပါ့မလဲ၊ ဌာန ဆိုင်ရာပိုင်မြေတွေထဲကို ကျူးကျော်တာတွေ ဖယ်ပေးဖို့လို ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်၊မော်လမြိုင်၊ တောင်ငူလမ်းတစ်လျှောက်ရှိ မြို့ပတ်မီးရထားလမ်းတစ်လျှောက် ကျူးကျော်စာရင်း များကို ဇန်န၀ါရီလ အတွင်းက ကောက်ယူခဲ့ပြီး ရန်ကုန်ရှိ ကျူးကျော်အိမ်၊ တဲ၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ ဆေးခန်းများအပါအ၀င် ကျူးကျော် ၉၅၉ လုံးနှင့် တောင်ငူ၊ ပျဉ်းမနားတွင် ဂိုဒေါင်နှင့် အိမ်သုံးလုံးကို ဖယ် ရှားနိုင်ခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment