Tuesday, February 11, 2014

သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဝင်မည်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ကျောက်စရစ်မြောက်ကျေးရွာအုပ်စုနှင့် ရေနံ့သာကျေးရွာ အုပ်စုကြားရှိ ကွင်းအမှတ် ၁၄၃-၁၄၄-၁၄၉ အတွင်းမှ ရေနံ့သာအဆင့်မြင့်စိုက်ပျိုးကုန်ထုတ် သမအသင်း လီမိတက်က သိမ်းယူထားသော လယ်ယာမြေဧက ၆၀၀ ကို ပြန်လည်ရယူလိုသဖြင့် မူလပိုင်ရှင် ၁၀၀ဦး က မိုးကြိုစပါးစိုက်ပျိုးနိုင်ရန် မတ်လ ၁ ရက်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသွားမည်ဟု ဦးဆောင်သူကိုရဲရင့် အောင်က မဇ္ဈိမကို ပြောသည်။


“ကျွန်တော်တို့ ဒေသခံတောင်သူတွေအနေနဲ့ တရားဥပဒေဘောင်အတွင်းကနေ အကြိမ်ကြိမ် စာတင် တောင်း ဆို မှုတွေ လုပ်ခဲ့ပြီးပြီ။ ဘာမှ ထူးမလာဘူး။ ဒါတွေကို မခံနိုင်လို့ ထွန်တုံးတိုက်ပွဲဝင်ဖို့ အားလုံးဆုံး ဖြတ်ခဲ့ကြတာပါ။ ဒီလိုလုပ်လို့ တရားစွဲမယ်ဆိုရင် ကျွန်တော်တို့ကလည်း ပြန်စွဲမယ်။ အဖြေမရမချင်း တိုက်ပွဲဝင်သွားကြမှာပါ”ဟု ၎င်းက ပြောသည်။

ဒေသခံတောင်သူများက ဇန်န၀ါရီ ၃၀ရက်တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြပြီး ၇ ရက်အတွင်း အဖြေ တစ်စုံတစ်ရာပေးရန် သက်ဆိုင်ရာသို့ တောင်းဆိုထားပြီးဖြစ်ရာ မထူးခြားသောကြောင့် ထွန်တုံးတိုက်ပွဲ ၀င်ရန် ပြင်ဆင်ခြင်းဖြစ်သည်။

ထွန်တုံးတိုက်ပွဲဝင်ရန် နိုင်ငံတော်အဆင့် ၀န်ကြီးဌာနအသီးသီးနှင့် ဒေသအာဏာပိုင်များထံ အသိပေး အကြောင်းကြားစာကို ဖေဖော်ဝါရီ ၁၀ ရက်တွင် တင်ထားပြီးဖြစ်သည်။ 

“ကျွန်မတို့ကတော့ လာပြီး ညှိနှိုင်းလည်း မယုံတော့ဘူး။ သူတို့က ပါးစပ်လေးနဲ့ပြောပြီး ပြန်သွားတာ။ ကျွန်မတို့က ဒုံရင်းဒုံရင်းပဲ ကျန်ခဲ့တယ်။ ကိုယ်လယ်ကိုယ်ပဲ ပြန်လိုချင်တော့တယ်”ဟု တောင်သူ ဒေါ်စန်း အေးက မဇ္ဈိမကို ပြောသည်။

လယ်ယာမြေပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဝင်မည့် ကျေးရွာများမှာ ကျောက်စရစ်တောင်ရွာ၊ မြောက်ရွာ၊ ရေနံ့သာကျေးရွာ၊ တမာကုန်းကျေးရွာ၊ ဗိုလ်ရွှေခဲကျေးရွာ၊ မြွေဟင်္သာကျေးရွာနှင့် မြွေကြည် ကုန်းကျေးရွာတို့ ဖြစ်သည်။

ဒေသခံတောင်သူများသည် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် တရားဝင်ခွင့်ပြုမိန့်တင်၍ ဆန္ဒ ဖော်ထုတ် တောင်းဆိုမှုများလည်း အကြိမ်ကြိမ်ပြုလုပ်ပြီး ဖြစ်သည်။

၁၉၈၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ရေနံ့သာအဆင့်မြင့်စိုက်ပျိုး ကုန်ထုတ်သမအသင်းလီမိတက်က လျော်ကြေးမပေးဘဲ လယ်ယာမြေသိမ်းယူထားမှုကို နိုင်ငံတော်အဆင့် ဌာနအသီးသီးနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များထံ တရားဝင် စာတင်အသနားခံခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ထူးခြား မှုမရှိသည့်အပြင် တရားစွဲဆိုခံရလျက်ရှိသည်။

သမ၀ါယမဦးစီးဌာနသည် အဆိုပါလယ်ယာမြေများကို ဘုံလယ်ယာမြေစနစ်ဖြင့် စိုက်ပျိုးမည်ဟု ဆိုခဲ့ သော်လည်း မအောင်မြင်ခဲ့သောကြောင့် တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ သ/မအသင်းဝင် တောင် သူများလည်း အမှန်တကယ်အကျိုးမဖြစ်ထွန်းခဲ့သည့်အပြင် မူလလက်ငုတ်တောင်သူများမှာ ၂၈ နှစ်လုံး လုံး ဆင်းရဲတွင်းနက်ခဲ့ကြောင်း ကျောက်စရစ်မြောက်ရွာမှ အသက် ၈၀ အရွယ်ရှိ ဦးဖိုးခင်က မဇ္ဈိမကို ပြောသည်။

အဆိုပါဒေသရှိ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် စစ်တပ်အပါအ၀င် ဌာနဆိုင် ရာအသီးသီးမှ သိမ်းယူထားသော လယ်ယာမြေဧကမှာလည်း တစ်သောင်းကျော်ရှိကြောင်း သိရှိရသည်။

ထွန်တုံးတိုက်ပွဲဝင်မည့် တောင်သူများအား ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အထက်မြန်မာ ပြည် ရှေ့နေများကွန်ရက်နှင့် ILO နှင့်ဆက်သွယ်ဆောင်ရွက်သူများကွန်ရက်၊ အထက်မြန်မာပြည်တို့က ကူညီသွားမည်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းထံမှ သိရသည်။

“သက်ဆိုင်ရာကသာ ဆောင်ရွက်ပေးခဲ့မယ်ဆိုရင် ထွန်တုံးတိုက်ပွဲဝင်တဲ့အထိ မရောက်ပါဘူး။ ဆောင် ရွက်ပေးမှု ဘာမှမရှိလို့သာ အခုလိုတွေ ဖြစ်နေတာ။ ဒါကို ကျွန်တော်တို့အဖွဲ့က တောင်သူတွေ လိုအပ် မယ့် အကူအညီပေးသွားမယ်”ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုကျော်စိုးက မဇ္ဈိမကို ပြောသည်။

ထွန်တုံးတိုက်ပွဲဝင်မည့် လယ်ယာမြေဧက ၆၀၀ သည် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ပြီး ဓားမဦးချ လုပ်ကိုင် ခဲ့ကာ တောင်သူအမည်ပေါက်ပိုင်ဆိုင်ခဲ့သော လယ်ယာမြေများဖြစ်ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်က ချမှတ်လုပ်ဆောင်စေခဲ့သော မူဝါဒ၊ နိုင်ငံတော်က ချမှတ်ထားသော စီမံကိန်းများကိုလည်း ချိုးဖောက်မှု မရှိ တာဝန်ကျေ ထမ်းဆောင်ခဲ့ကြောင်း၊ အဆိုပါလယ်ယာမြေများသည် မြေလွတ်မြေရိုင်းလည်းမဟုတ်၊ သစ်တောကြိုးဝိုင်းမြေလည်းမဟုတ်ဘဲ တောင်သူများ၏မြေကို နစ်နာလျော်ကြေးငွေမပေးဘဲ သိမ်းယူခဲ့ ခြင်းသာဖြစ်ကြောင်း ပြောသည်။


Mizzima - News in Burmese

No comments:

Post a Comment