Tuesday, February 11, 2014

ကမ္ဘာ့အကြီးဆုံး ဒုက္ကရစရိယာရုပ်ပွားတော် တည်ထားပြီးစီး

မန္တလေးမြို့၊ ၆၂ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မက္ခရာကျောင်းတိုက်အတွင်း ကမ္ဘာ့အကြီးဆုံး ဒုက္ကရစရိ ယာဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားမှုမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် အချောသတ်ပြီးစီးသဖြင့် ပြည်တွင်းဘုရားဖူးများသာမက နိုင်ငံခြားသား ဘုရားဖူးများနှင့် လေ့လာသူများပါ လာရောက် ဖူးမြော် လျက်ရှိသည်။


“ကျွန်တော်ဟာ မြတ်စွာဘုရားကို ဘုရားအဖြစ်နဲ့တင် ကြည်ညိုတာမဟုတ်ဘဲ ဘုရားမဖြစ်မီ ဘုရားအ လောင်းဘ၀မှာ ပါရမီဖြည့်ကျင့်ကတည်းက ကြည်ညိုမိတယ်။ ဒီရုပ်ပွားတော်ပုံတည်ဖြစ်ရာမှာ ဘယ်သူမှ မကျင့်နိုင်တဲ့ အကျင့်ကို ကျင့်တော်မူနိုင်တဲ့ ရုပ်ပုံလွှာကို ကျွန်တော်ကြည်ညိုသလို မြန်မာပြည်သူတစ်ရပ် လုံးကိုလည်း ကြည်ညိုစေချင်လို့ပါ။ ဒီရုပ်ပွားတော်ကိုဖူးမြင်ပြီး ဘုရားအဖြစ်ကို လွယ်လွယ်နဲ့မရနိုင်ဘဲ ခက်ခဲတဲ့ပါရမီတွေကို ဖြည့်ဆည်းခဲ့ရတာပါလားဆိုတဲ့ တဒင်္ဂအသိလေးရသွားရင်ကိုပဲ ကျေနပ်ပီတိဖြစ်မိ ရပါတယ်”ဟု ရုပ်ပွားတော်ဒါယကာ ဦးလှဝင်း (ပြည်တော်အေး)က မဇ္ဈိမကို ပြောသည်။

ဘုရားပရ၀ဏ်အတွင်း သံဝေဇနိယ လေးဌာနနှင့် သတ္တဌာန ခုနစ်ဌာနတို့အပြင် မဟာဗောဓိစေတီတော် နှင့် ပရိနိဗ္ဗာန်စံ ရုပ်ပွားတော်မြတ်တို့ကိုပါ တည်ထားလျက်ရှိသည်။ ဒုက္ကရစရိယာ ဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် ပရိနိဗ္ဗာန်စံတော်မူပုံ ရုပ်ပွားတော်တို့မှာ အတောင် ၅၀ ရှိသည်။ ထိုဘုရားဝင်းမှာ ငါးဧကကျယ်ဝန်းပြီး တောတောင်သဘာဝသဏ္ဍာန်အတိုင်း စိတ်အေးချမ်းမြေ့ဖွယ်ဖြစ်စေရန် စီမံတည်ဆောက်သွားမည် ဖြစ် သည်။ 

ထိုရုပ်ပွားတော်များ တည်ရန် သိန်းပေါင်း ၅,၀၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး ယခုအခါတွင် သိန်းပေါင်း ၃,၀၀၀ ကျော် သုံးစွဲပြီးဖြစ်သည်။ မန္တလေးမြို့ ၆၃လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းရှိ ပြည်တော်အေး ကုန်မာ ဆိုင်ပိုင်ရှင် ပြည်တော်အေး ဦးလှဝင်းမိသားစုက တစ်ဦးတည်း မတည်လှူဒါန်းနေခြင်းဖြစ်သည်။ 

“ဒုက္ကရစရိယာအကျင့်ကနေ မဇ္ဈိမပဋိပဒါ အလယ်အလတ်အကျင့်မြတ်ကို ကူးပြောင်းကျင့်တော်မူပုံကို ဗုဒ္ဓဘာသာဝင်တွေအားလုံးကို သိစေချင်တယ်။ အထူးသဖြင့် ဒီဘက်ခေတ်ကလေးတွေ ပိုပြီးသိစေချင် တယ်။ သူတို့လေးတွေရဲ့စိတ်ထဲမှာ ဗုဒ္ဓဟာ အထွတ်အမြတ်လို့ သိသွားရင် အဘ ကျေနပ်တယ်။ ဒီဘု ရားတွေကို ပိုက်ဆံရှိလို့တည်နေတာမဟုတ်ဘူး။ အမျိုးဘာသာသာသနာကို စောင့်ရှောက်ချင်တဲ့စိတ်နဲ့ လှူဒါန်းနေတာ”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့သည် ယဉ်ကျေးမှုမြို့တော်ဖြစ်သည့်အပြင် ဗုဒ္ဓသာသနာလည်း ထွန်းကားသောမြို့ဖြစ်သော ကြောင့် ဗုဒ္ဓအမွေ သာသနာ့အမွေကို သဲတစ်ပွင့်အဖြစ် လှူဒါန်းခြင်းဖြစ်သည်။ ဘုရားရင်ပြင်တွင် အမျိုး ဘာသာသာသနာပွဲများလည်း ပြုလုပ်နိုင်အောင် စီစဉ်ဆောင်ရွက်ထားသည်။ ဘုရားဖူးဧည့်သည်များ အေးဆေးစွာ နားနိုင်ရန် ဓမ္မာရုံများလည်း တည်ဆောက်ထားသည်။

ရုပ်ပွားတော်များ၏ ဗိသုကာအပိုင်းကို မန္တလေးအခြေစိုက် လမင်းမြန်မာမှုအဖွဲ့က တာဝန်ယူ တည် ဆောက်သည်။ ရုပ်ပွားတော်များအားလုံးနှင့် ပရ၀ဏ်ကို ၂၀၁၅ အပြီး တည်ဆောက်သွားမည်ဖြစ်သည်။ ဒုက္ကရစရိယာရုပ်ပွားတော်ကြီးကို ၂၀၁၁ ခုနှစ် ဇူလိုင် ၁၅ရက်တွင် ပန္နက်တော်ချကာ စတင်ထုလုပ်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment