Thursday, February 20, 2014

မော်တော်ယာဉ် တင်သွင်းရန် အထောက်အထားအတုဖြင့် လျှောက်ထားသူ များကို အရေးယူမည်

Photo: မော်တော်ယာဉ် တင်သွင်းရန် အထောက်အထားအတုဖြင့် လျှောက်ထားသူ များကို အရေးယူမည်
Thursday, February 20, 2014

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ ပြုလုပ်ရာတွင် အထောက်အထား အတုများဖြင့် လျှောက်ထားသူများကို တည်ဆဲ ဥပဒေများအတိုင်း အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

မော်တော်ယာဉ် တင်သွင်းခွင့်အတွက် အထောက်အထား အတုများဖြင့် လျှောက်ထားသူများကို ရဲစခန်းသို့ တိုင်ကြား၍ အမှုဖွင့် အရေးယူမည် ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနကလည်း ထပ်မံ၍ အရေးယူမှုများ ပြုလုပ်နိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းက The Voice သို့ ပြောကြားသည်။

“အရင်တုန်းကတော့ အတုလျှောက်တဲ့ သူတွေကို ရဲစခန်းပို့ပြီး အမှုဖွင့်လိုက်တာပါပဲ။ အခုကျွန်တော်တို့ ဌာနကနေပြီး အရေးယူနိုင်ဖို့ကိုလည်း စီစဉ်သွားမှာပါ။ အမှန်တကယ်က ဒီလိုလုပ်တာက လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တပိုင်းနဲ့ အများကြီး ဆိုင်ပါတယ်။ ဘဏ်စာအုပ်ထဲ တကယ်ငွေထည့်ပြီး လုပ်လည်း အတိုးက ဘယ်လောက်မှမ ကျပါဘူး” ဟု ၎င်းကပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သွင်းကုန်ဌာနသို့ အထောက်အထား အတုဖြင့် လာရောက် လျှောက်ထားသူ ခုနစ်ဦး၊ ရှစ်ဦးခန့် ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။
“အဓိကက စနစ်ကကို လွဲနေတာပါ။ Personal Account နဲ့ အခွန်ကောက်တာက ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ကောင်းတာကတော့ ကားတင်သွင်းတဲ့ လူတွေက တင်သွင်းတဲ့ ကုမ္ပဏီတွေကို Register အရင်လုပ်ပြီးမှ သွင်းရင် ပိုကောင်းပါတယ်။ တင်သွင်းတဲ့ လူတွေကလည်း ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာသင့်ပြီး အစိုးရကလည်း ကားတင်သွင်းသူတွေ လိုက်နာနိုင်မယ့် စည်းကမ်းကို ချမှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

သန်းခေါင်စာရင်းအတု၊ နေရပ်လိပ်စာ အတုနှင့် ဘဏ်စာအုပ် အတုများဖြင့် မော်တော်ယာဉ် တင်သွင်းသူ အများစုသည် အရင်းအနှီး နည်းနည်းဖြင့် အမြတ်များများ ရလိုကြ၍ ဖြစ်ကြောင်း ဦးမင်းမင်းက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment